The network connection is lost.

Banner Image

ဖာနန်ဒက်ဇ်ကို လမ်းပတ်နဲ့နှိုင်းယှဉ်လို့မရသေးကြောင်း တုံ့ပြန်ပြောကြားလိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်အား ကလပ်ဂန္ထဝင် ဖရန့်ခ်လမ်းပတ်နဲ့ နှိုင်းယှဉ်မှုတွေကို ပြန်လည်တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာက ဖာနန်ဒက်ဇ်ရဲ့ ခြေစွမ်းပိုင်းတိုးတက်မှုကို အားရကျေနပ်မိကြောင်းပြောကြားခဲ့ပေမယ့် လမ်းပတ်နဲ့နှိုင်းယှဉ်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ 

၂၀၂၅ ခုနှစ်ကို ရုန်းကန်ရမှုတွေနဲ့ စတင်ခဲ့ရတဲ့ချဲလ်ဆီးဟာ သောကြာနေ့နံနက်မှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်ကို ဖာနန်ဒက်ဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရခဲ့ကာ အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်ပြီး ယခုအခါမှာလည်း နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတွေကို ဆက်တိုက်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ 

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဖာနန်ဒက်ဇ်ကလည်း ဒီရာသီမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုစုစုပေါင်း ၁၅ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တာဖြစ်လို့ သိသိသာသာတိုးတက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူဟာ မတ်လအတွင်း ဘရာဇီးကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအတွက် သွင်းဂိုးနဲ့ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် တိုးတက်မှုတွေရှိလာတဲ့ အာဂျင်တီးနားသားကို ပရိသတ်တွေက ကလပ်ဂန္ထဝင်ကွင်းလယ်လူ လမ်းပတ်နဲ့နှိုင်းယှဉ်ချီးကျူးမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါမှတ်ချက်တွေနဲ့ ပတ်သက်ပြီး နည်းပြ မာရက်စ်ကာကတော့ "အန်ဇိုက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ သူ့ရဲ့ခြေစွမ်းကို ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့သူ့ကို လမ်းပတ်နဲ့ နှိုင်းယှဉ်လို့မရသေးပါဘူး"

"သူ အများကြီးတိုးတက်လာတာကို ကျွန်တော်တို့မြင်တွေ့ထားရပါတယ်။ ပွဲတစ်ပွဲအပေါ်သူ့ရဲ့အမြင်က သိသိသာသာပြောင်းလဲနေပါပြီ။ ဘယ်အချိန်မှာခံစစ်ကစားရမယ်။ ဘယ်အချိန်မှာ ပြိုင်ဘက်ဂိုးဧရိယာထဲရောက်နေရမယ်ဆိုတာ သူကောင်းကောင်းသိနေပါတယ်။ ဒါကြောင့် လက်ရွေးစင်အသင်းမှာလည်း သူခြေစွမ်းပိုပြလာနိုင်တာပါ" လို့ပြောကြားခဲ့ပါတယ်။