ချဲလ်ဆီးက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းမရှိသေးဘူးလို့ဆိုလာတဲ့ မာရက်စ်ကာ
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၂ မှတ်သာကွာဟတော့ပေမယ့် ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာကတော့ သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းမရှိသေးဘူးလို့ နှိမ့်ချပြောဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးအတွက် ဂိုးတွေကို ပထမပိုင်း ၄၃ မိနစ်မှာ နောက်ခံလူ မာ့ခ်ကူကူရယ်လာနဲ့ ဒုတိယပိုင်း မိနစ် ၈၀ မှာ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်တို့ကသွင်းယူပေးခဲ့ကြပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ အဖိုးတန်အနိုင် ၃ မှတ်ရယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အတွက် နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၉၀ မှာတိုက်စစ်မှူး အမ်ဘွေမိုက သွင်းယူပေးခဲ့ပါတယ်။
ယခုနိုင်ပွဲအပါအဝင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲဆက်ခဲ့တာဖြစ်ပြီး တတိယနေရာက အာဆင်နယ်ကို ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအနေနဲ့ အခုလိုပုံစံကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်ဖို့ အခွင့်အရေးရှိနေပေမယ့် မာရက်စ်ကာကတော့ အသင်းဟာ ဆုဖလားတွေကိုစိန်ခေါ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ဆိုပါတယ်။
အီတလီသားက “ကျွန်တော်တို့ လောလောဆယ်မှာ ပွဲစဉ်တွေဘယ်လောက်ပဲနိုင်နေပါစေ၊ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့အတွက်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ထင်ပါတယ်။ အကြောင်းပြချက်အများကြီးရှိတဲ့အထဲကမှ တစ်ခုကိုပြောရမယ်ဆိုရင် ဒီနေ့ပွဲမှာခွင့်ပြုခဲ့ရတဲ့ ဂိုးပါပဲ။ အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်တဲ့အသင်းတွေက ဒီလိုဂိုးမျိုးကို ခွင့်ပြုလို့မရပါဘူး။ မိနစ် ၉၀ အထိတောင့်ခံလာပြီးမှ နောက်ဆုံးမိနစ်မှာ ဂိုးပေးလိုက်ရပါတယ်။ အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်တဲ့အသင်းက ဒီအမှားမျိုးမလုပ်ပါဘူး”
“ဒါကြောင့် ကျွန်တော်တို့က ဆုဖလားတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ပြောရပါမယ်။ အခြားလူတွေယုံတာမယုံတာအရေးမကြီးပါဘူး။ ကျွန်တော်တို့က ဆုဖလားအတွက်ယှဉ်ပြိုင်နေတဲ့အသင်းတွေကို ဖိအားပေးနိုင်ရုံပဲရှိပါသေးတယ်။ ဒီပွဲမှာ ပြိုင်ဘက်ဆီကနေ သရေ ၁ မှတ်ပဲရလောက်တော့မယ်အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ဒါမျိုးကို ကျွန်တော်လက်မခံပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသင်းရဲ့ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကိုလည်း မာရက်စ်ကာက “ဘုန်းမောက်နဲ့ပွဲမှာ ပင်နယ်တီကာကွယ်ခဲ့တာတွေ၊ အက်စတွန်ဗီလာနဲ့ပွဲမှာ တစ်ဦးချင်းအနေအထားကို အကောင်းဆုံးကိုင်တွယ်ခဲ့တာတွေ၊ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲက နောက်ဆုံးမိနစ်အတွင်း ဂိုပေါက်ကာကွယ်နိုင်ခဲ့တာတွေကို မှတ်မိမယ်ဆိုရင် ပရိသတ်တွေအနေနဲ့ ဆန်းချက်ဇ်ဘယ်လောက်ကောင်းသလဲဆိုတာ သိကြပါလိမ့်ယ်။ ဒီနေ့မှာလည်း သူအသင်းအတွက် အကောင်းဆုံးလက်စွမ်းပြခဲ့ပါတယ်”
“သူ့ကိုရုန်းကန်နေရတယ်လို့ အချို့ကထင်ပေမယ့် ကျွန်တော်တို့ကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပါတယ်။ ပြီးတော့ ဖိလစ်ဂျော်ဂျင်ဆန်ကလည်း ကွန်းဖရန့်လိဂ်မှာ အကောင်းဆုံးလက်စွမ်းပြသနေပါတယ်။ ကျွန်တော်တို့လိုချင်တာ ဒါပါပဲ။ အသင်းမှာနေရာအတွက် တိုက်ပွဲဝင်နိုင်တဲ့ဂိုးသမား ၂ ယောက်ရှိနေပါတယ်။ သူတို့ ၂ ယောက်က အသင်းရဲ့နိုင်ပွဲတွေအတွက်လည်း အရေးပါတဲ့ကစားသမားတွေပါ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။