The network connection is lost.

Banner Image

အိုလံပစ်ပြိုင်ပွဲမှာ မပါဝင်နိုင်လို့ အာဂျင်တီးနားအသင်းကိုတောင်းပန်လိုက်တဲ့ အန်ဇိုဖာနန်ဒက်ဇ်

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ အိုလံပစ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် အာဂျင်တီးနားလူစာရင်းမှာ မပါဝင်နိုင်တော့တာကြောင့် အသင်းနည်းပြ မာရှေယာနိုကို တောင်းပန်စကားဆိုလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို ပိုချက်တီနို ကိုင်တွယ်နေစဉ်တုန်းက အန်ဇိုဟာ အိုလံပစ်ပြိုင်ပွဲအတွက် ပါဝင်ခွင့်ရထားသော်လည်း ပိုချက်တီနို ထွက်ခွာသွားပြီးနောက်မှာတော့ ပါဝင်ခွင့်မရတော့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားဆုရှင်က “အိုလံပစ်မှာပါဝင်နိုင်ဖို့ ကျွန်တော်တတ်နိုင်သမျှအားလုံးလုပ်ခဲ့ပါတယ်။ ပိုချက်တီနိုကလည်း ကျွန်တော့်ကို ချဲလ်ဆီးကနေ ထွက်ခွာဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ အပြောင်းအလဲဖြစ်သွားပြီးနောက်မှာတော့ ကျွန်တော့်ရဲ့အခြေအနေလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော် တတ်နိုင်သလောက်ကြိုးစားခဲ့ပေမယ့် အာဂျင်တီးနားအတွက်မပါဝင်နိုင်တော့လို့ နည်းပြ မာရှေယာနိုကိုတောင်းပန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယခုနှစ်အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့ ပဲရစ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ သို့သော်လည်း ဘောလုံးပွဲစဉ်တွေကိုတော့ ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက စတင်ကစားမှာဖြစ်ပြီး အုပ်စုဘီမှာကျရောက်နေတဲ့ အာဂျင်တီးနားအသင်းဟာ မော်ရိုကိုအသင်းနဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဂျင်တီးနားယူ-၂၃ အသင်းကိုဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ လီဗာပူးကစားသမားဟောင်း မာရှေယာနိုဟာ မန်စီးတီးကြယ်ပွင့် ကလော်ဒီယိုအီချီဗာရီနဲ့ ဘရိုက်တန်ကြယ်ပွင့် ဗယ်လင်တင်ဘာကာတို့အပါအဝင် လူငယ်ကြယ်ပွင့်ကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲအတွက် ခေါ်ယူထားပြီဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ အန်ဇိုဖာနန်ဒက်ဇ်ကို အာဂျင်တီးနားယူ-၂၃ အသင်းနဲ့ ပူးပေါင်းခွင့်ပြုမှာမဟုတ်ဘဲ အသက်-၂၃ နှစ်အရွယ် ကစားသမားကို ကြံ့ခိုင်မှုတည်ဆောက်ဖို့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

အန်ဇိုဟာ ပြီးခဲ့တဲ့ရာသီကုန်က ပေါင်ခြံဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ရာသီကုန်ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပြီးယခုအခါမှာတော့ ပြန်ကစားနိုင်ပြီဖြစ်ပါတယ်။ ၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီမှာ ပိုချက်တီနိုဟာချဲလ်ဆီးကို အမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ရာထူးကနေထုတ်ပယ်ခံခဲ့ရပြီး ယခုအခါမှာတော့ ချဲလ်ဆီးက အန်ဇိုမာရက်စ်ကာကို နည်းပြသစ်အဖြစ်ခန့်အပ်ထားပါတယ်။

မာရက်စ်ကာဟာ ပြီးခဲ့တဲ့ရာသီက လက်စတာကို ဦးဆောင်ခဲ့ပြီး ချန်ပီယံရှစ်ဖလားကိုဆွတ်ခူးပေးခဲ့ကာ ပရီးမီးယားလိဂ်သို့တန်းတက်စေခဲ့ပါတယ်။ အသက်-၄၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မာရက်စ်ကာဟာ ချဲလ်ဆီးရဲ့ကစားဟန်ကို ပြောင်းလဲဖို့ပြင်ဆင်နေပြီး အန်ဇိုဖာနန်ဒက်စ်ကို အဓိက ကစားသမားအဖြစ်အသုံးပြုကာ တီကီတာကာ ကစားကွက်ကိုပုံဖော်ဖို့ကြိုးစားနေတယ်လိုသိရပါတယ်။