The network connection is lost.
ပီအက်စ်ဂျီအသင်းနည်းပြ လူဝစ်အင်းနရစ်ဟာ ရီးရဲလ်ဆိုစီဒက်နဲ့ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ကီလီယန်အမ်ဘာပေကို သတိပေးချက် ပေးပို့လာခဲ့ပါတယ်။ အင်းနရစ်ဟာ မကြာသေးမီက လီဂူးဝမ်းပွဲစဉ်တွေမှာ ဘာပေကို ပွဲချိန်အတွင်း စောစောစီးစီး လူစားလဲမှုတွေပြုလုပ်လေ့ရှိနေပြီး ယခု ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း စောစောစီးစီးလူစားလဲနိုင်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဘာပေကို လက်ရှိပုံစံအတိုင်းပဲ စီမံခန့်ခွဲမှုပြုလုပ်မှာလားလို့မေးမြန်းခဲ့ရာ အင်းနရစ်က "ဟုတ်ပါတယ်။ ဒီပုံစံအတိုင်းပါပဲ။ ဘာကြောင့် မဟုတ်ရမှာလဲ" လို့ ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဘာပေဟာ ရီးရဲလ်ဆိုစီဒက်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပထမအကျော့ပွဲစဉ်အပြီးကတည်းက ပြည်တွင်း ပြင်သစ် လီဂူးပွဲစဉ်တွေမှာ ပွဲထွက်ခွင့်အပြည့်အဝမရရှိဘဲ အရန်ခုံထိုင်ရတဲ့ ပွဲစဉ်တွေနဲ့ပါကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွာမယ်လို့ ပြောကြားခဲ့တာကြောင့် အခုလို မကြာခဏ ချန်လှပ်ခံနေရတာဖြစ်တယ်လို့သိရပါတယ်။
အမ်ဘာပေအနေနဲ့ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်မဟုတ်ဘဲ အခြား ကလပ်အသင်းတစ်ခုခုကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့ ဘောလုံးလောကတစ်ခုလုံးအတွက် အံ့အားသင့်ဖွယ်ဖြစ်လာဖို့ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ မွေးရပ်မြေကလပ် ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် နွေရာသီမှာ နိုင်ငံခြားကလပ်တစ်ခုကို မပြောင်းခင် ပြင်သစ်အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ကစားပေးဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။