ဘာစီလိုနာသို့ပြန်သွားမှာမဟုတ်ကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယီုလာက သူ့အနေနဲ့ လက်ရှိကလပ် မန်စီးတီးကနေ ထွက်ခွာခဲ့ပါကလည်း အသင်းဟောင်း ဘာစီလိုနာသို့ ပြန်သွားမှာမဟုတ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မကြာသေးမီကရက်သတ္တပတ်အချို့ကမှ မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာဖြစ်ပြီး လာမယ့်ရာသီကုန်အထိ အီတီဟတ်မှာဆက်နေဖို့ သဘောတူညီခဲ့ပါတယ်။ စပိန်သားအနေနဲ့ စာချုပ်ပါသဘောတူညီချက်အရ မန်စီးတီးမှာ နောက်ထပ် ၁၂ လအထိ ဆက်လက်နေထိုင်ခွင့်ရှိတာကြောင့် ၂၀၂၇ ခုနှစ်အထိ ပရီးမီးယားလိဂ်မှာ ဆက်လက်မြင်တွေ့ရဖို့ အလားအလာရှိနေပါတယ်။
ဂွါဒီယီုလာဟာ မန်စီးတီးသို့ ၂၀၁၆ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့ပြီး ရာသီတိုင်းလိုလိုမှာ ရလဒ်ကောင်းတွေဖန်တီးနိုင်ခဲ့တာကြောင့် ချောမွေ့တဲ့နည်းပြဘဝကို ကာလရှည်ပုံဖော်နိုင်ခဲ့ကာ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားအများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။
မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ စပိန်သားက “ကျွန်တော်အခုပြောနေတာတွေက ရေရှည်အတွက်မဟုတ်ပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်တော် နောက်ထပ်နိုင်ငံတစ်နိုင်ငံမှာ ဒီလိုအောင်မြင်မှုမျိုးထပ်ယူဖို့အတွက်နဲ့ မန်စီးတီးကနေ ထွက်ခွာသွားမှာမဟုတ်ပါဘူး။ ကျွန်တော့်မှာ အဲ့လောက်အထိလည်း စွမ်းရည်မရှိတော့ပါဘူး။ နောက်ထပ်နေရာတစ်ခုကို ပြောင်းရွှေ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်ကအစ အရာအားလုံးကို အစကနေ ပြန်လုပ်သွားရမှာပါ။ ဒီလိုပြန်လုပ်ဖို့က တော်တော်လေးမလွယ်ပါဘူး။ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းမှာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကွဲပြားမှုရှိတယ်လေ”
“ကျွန်တော့်အတွက် ဘောလုံးက လုံလောက်ပြီလို့ယူဆရတဲ့အချိန်ကျရောက်လာပါလိမ့်မယ်။ အဲဒီအချိန်မှာတော့ ကျွန်တော် သေချာပေါက်ဒီလောကထဲကနေ ထွက်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ပြောကြားချက်အရ သူဟာ တစ်ချိန်မှာ စပိန်လက်ရွေးစင်အသင်းကို ကိုင်တွယ်နိုင်ချေရှိနေကြောင်း အရိပ်အမြွက်သိရှိရပါတယ်။ သို့သော်လည်း အခြားနိုင်ငံတစ်ခုမှာ နောက်ထပ်ကလပ်တစ်ခုကို နည်းပြဖို့စိတ်မဝင်စားကြောင်းပြောကြားခဲ့လို့ အသင်းဟောင်း ဘာစီလိုနာသို့ပြန်သွားဖို့ အလားအလာမရှိတော့ပါဘူး။