ယူရိုဖိုင်နယ်ပွဲမတိုင်ခင် ရိုဒရီထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဒီကလန်ရိုက်စ်
အင်္ဂလန်ကွင်းလယ်လူ ရိုက်စ်က မိမိအနေနဲ့ ရိုဒရီအပေါ် လေးစားမှုအများကြီးရှိပေမယ့် အင်္ဂလန်အနိုင်ရရှိအောင် အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယူရိုဖိုင်နယ်ပွဲမတိုင်ခင် အခိုင်အမာပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူ ၂ ဦးဟာ တနင်္ဂနွေနေ့ ဘာလင်မှာရင်ဆိုင်ရတော့မှာဖြစ်ပြီး အာဆင်နယ်စတားဦးဆောင်တဲ့ကွင်းလယ် နဲ့ မန်စီးတီးစတားဦးဆောင်တဲ့ကွင်းလယ်လူတို့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ရိုက်စ်ကတော့ အာဆင်နယ်နဲ့ပထမရာသီမှာပဲ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး မန်စီးတီးကို ၂ မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ရိုဒရီကတော့ တီကိုကနေ မန်စီးတီးထံပြောင်းရွှေ့လာပြီးကတည်းက အင်္ဂလန်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးဖြစ်လာခဲ့ပြီး စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၄ ကြိမ်ဆက်ရယူထားနိုင်ခဲ့ပါတယ်။
သူတို့ ၂ ယောက်ကို နှိုင်းယှဉ်မှုတွေရှိနေပေမယ့် ရိုက်စ်က မိမိတို့ဟာ မတူညီတဲ့ကစားသမားတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရိုက်စ်က ရိုဒရီအပေါ် အများကြီးလေးစားမှုရှိပေမယ့် တနင်္ဂနွေနေ့မှာ အင်္ဂလန်အသင်းအတွက် အရာအားလုံးလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
“ရိုဒရီက ထိပ်တန်းကစားသမားဆိုတာ ကျွန်တော်တို့သိပါတယ်။ အာဆင်နယ်မှာတုန်းက ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က မတူညီတဲ့ကစားသမားတွေပါ။
အခုချိန်မှာတော့ အဲ့တာက သာမန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က မတူညီတဲ့ကစားသမား ၂ ဦးပါ။ ဒီနှစ်မှာ ကျွန်တော်အာဆင်နယ်အတွက် အများကြီးတိုက်စစ်လိုက်ပါကစားခွင့်ရခဲ့ပါတယ်။
သူက သာမန်အားဖြင့်နံပတ် ၆ နေရာကစားသမားတစ်ဦးပါ။ ဒါကြောင့် ကျွန်တော်တို့က မတူညီတဲ့ကစားသမား ၂ ဦးပါ။ ဒါက တိုက်ပွဲတစ်ခုမဟုတ်ပါဘူး။ သူတို့မှာ ဖေဘီယန်ရုဇ် ၊ ဒန်နီအိုလ်မိုတို့လည်း ရှိပါတယ်။
အဲ့တာက သူတို့ရဲ့ထိပ်တန်းကစားသမားတွေပါ။ ကွင်းလယ်နေရာက အဓိကဖြစ်လာနိုင်ပါတယ်။ ကျွန်တော် သူ့အပေါ်မှာ လေးစားမှုအများကြီးရှိပါတယ်။ သူက အင်္ဂလန်မှာလည်း ထိပ်တန်းကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ပါတယ်”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။
စပိန်ဟာ ဂျာမနီမြေမှာကျင်းပတဲ့ယူရိုပွဲတစ်လျှောက် ခြေစွမ်းကောင်းတွေပြသနေပြီး အင်္ဂလန်ကတော့ စပိန်နဲ့ဆန့်ကျင်ဘက်အနေအထားမျိုးဖြစ်ကာ ရုန်းကန်ပြီး ဖိုင်နယ်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။