The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်မှာသာ ပျော်ရွင်နေပါတယ်လို့ ပြောကြားလိုက်တဲ့ ဒီလစ်ချ်

တူရင်မှာရှိခဲ့တဲ့ ၃ နှစ်တာကာလအတွင်း စီးရီးအေ၊ ကိုပါအီတာလီယာနှင့် စူပါကိုပါအီတာနာတို့ကို ရရှိခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း ပေါင် ၆၅ သန်းဖြင့် ဂျူဗင်တပ်စ်ကနေ ဘိုင်ယန်မြူးနစ်သို့ ဒီလစ်ချ်က ပြောင်းရွှေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကစားပုံကျဆင်းမှု ကြံ့ခိုင်ရေးပြဿနာတွေကြောင့် ဒီလစ်ချ်ဟာ ပွဲထွက်ခွင့် ကောင်းကောင်းမရရှိခဲ့ဘဲ ဂျာမနီရှိ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဗဟိုခံစစ်မှုးဟာ ဘိုင်ယန်မြူးနစ်မှာ လူပိုတစ်ဦးလို ဖြစ်နေတာပါ။
 
၂၀၂၂ ခုနှစ် အိုးထရက်ဖို့ဒ်သို့ ရောက်လာခဲ့ပြီးနောက် အေဂျက်စ်က တပည့်ဟောင်းကို တန်ဟက်က ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသော်လည်း နယ်သာလန်နိုင်ငံသားကတော့ ဘိုင်ယန်မြူးနစ်ကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်မှာ ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ ‌ နောက်တစ်ကြိမ် စိတ်ဝင်စားလာနိုင်ပါတယ်။
 
ဆာဂျင်မ်ရက်ဖ်ကလစ်ရဲ့ ပေါင် ၁.၃ ဘီလီယံဖြင့် အသင်းရဲ့ ရှယ်ယာ ၂၅ % ကို ဝယ်ယူမှုအပြီးနောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ယူနိုက်တက်ဟာ အသင်းရဲ့နောက်တန်းကို အလုံးစုံမြေလှန်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဗဟိုခံစစ်နေရာအတွက် ဒီလစ်ချ်ဟာ အဲဗာတန်က ဂျရက်ဘရိတ်ဝိတ်တီ၊ နိုက်စ်က တိုဒီဘိုတို့နှင့်အတူ ဦးစားပေးပစ်မှတ်ဖြစ်လာနိုင်ပါတယ်။
 
လင်ဒီလော့ဖ်၊ အီဗန်၊ ဗာရာနီနှင့် အသင်းခေါင်းဆောင်ဟောင်း မက်ဂွါရီတို့ကတော့ ယူနိုက်တက်မှာ အနာဂတ်မသေချာနေတာဖြစ်ပြီး သင့်တော်တဲ့အစားထိုးမှုများရှာတွေ့ခဲ့ပါက အသင်းကနေထွက်ခွာသွားရနိုင်တာဖြစ်ပါတယ်။ သို့သော်လည်း နယ်သာလန်နိုင်ငံသားကသာ အသင်းမပြောင်းဖို့ လုပ်ခဲ့ပါက နောက်ထပ် ကစားသမားတွေကို အပြောင်းအလဲအဖြစ် ယူနိုက်တက်က စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။
 
"အခုတော့ ကျွန်တော် ဒီအကြောင်းတွေကို မတွေးသေးပါဘူး။ ကျွန်တော် ဘိုင်ယန်မြူးနစ်မှာ ပျော်နေပါတယ်။ လက်ရှိအချိန်အထိ မလွယ်ကူနေဘူးဆိုတာ ဟုတ်ပါတယ်။ ဒဏ်ရာရနေတာကလည်း အချိန်တော်တော်ကြာနေပါပြီ" "လက်ရှိအချိန်မှာတော့ ကျွန်တော်ကောင်းနေပြီး ကြံ့ခိုင်မှုပြည့်နေတာကြောင့် ကစားချင်ပါတယ်"လို့ အနာဂတ်နှင့် ပတ်သက်ပြီး သတင်းထောက်တွေက မေးတဲ့အခါ ဒီလစ်ချ်က ဖြေကြားလိုက်ပါတယ်။
 
ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ထားတဲ့ ဒီလစ်ချ်ဟာ လာဇီယိုနှင့်ကစားမယ့် အရေးကြီးတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မတိုင်မီ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အူပါမီကာနို ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် လာဇီယိုတိုက်စစ်မှူး အင်မိုဘိုင်းက ပွဲကစားချိန် ၆၉မိနစ်တွင် ပင်နယ်တီကနေတဆင့် ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အီတလီကလပ်က ပထမအကျော့မှာ ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
 
အဆိုပါဂိုးကို ပေးလိုက်ရပြီး မကြာခင်မှာပင် တူချယ်ဟာ ဒီလစ်ချ်ကိုထည့်သွင်းခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ဖရန့်ဖတ်နှင့် ပွဲကို မပါဝင်ခဲ့သော်လည်း ဘိုင်ယန်နဲ့နောက်ထပ်နှစ်ပွဲဖြစ်တဲ့ ဘိုချမ်၊ လိုက်ပ်ဇစ်တို့နှင့် ကစားခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ကလပ်က ဒီလစ်ချ်ကိုခေါ်ယူဖို့ သတင်းတွေ ထွက်နေချိန် ယူနိုက်တက် ကစားသမားဟောင်းဖြစ်တဲ့ အန်ဒီကိုးလ်က တန်ဟက်ရဲ့တပည့်ဟောင်းတွေထဲက တစ်ဦးကို ခေါ်ယူဖို့အရေးနဲ့ပတ်သက်ပြီး Betfred တွင် သတိပေးပြောကြားခဲ့ပါတယ်။
 
ဒီကောလာဟလနှင့်ပတ်သက်ပြီး စိုးရိမ်မိလားလို့မေးရာတွင် ယူနိုက်တက်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်းက "စိုးရိမ်မိတာပေါ့။ သူက ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်မှာပါ ခက်ခဲတဲ့အချိန်တွေရှိခဲ့တာပါ။ ယူနိုက်တက်မှာရော အောင်မြင်နိုင်မှာလားဆိုတာကို ပြောကြည့်ပါဦး" "သူကလည်း တန်ဟက်အတွက် ကစားပေးခဲ့သူတစ်ဦးဖြစ်ပြီး အရင်ကတန်ဟက်ကိုင်တွယ်ခဲ့ဖူးတဲ့ကလပ်မှာ အဓိက ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တာပါ" "ပရီးမီးယားလိဂ်ဆိုတာက အခြားလိဂ်တွေနဲ့ လုံးဝမတူပါဘူး သမုဒ္ဓရာကြီးဆိုတာက ကျယ်ပြန့်လွန်းပြီး ဘယ်ကစားသမားမဆိုလာနိုင်ပါတယ်" "အပြောင်းအရွှေ့မှာ ဒီလိုချဉ်းကပ်မှုမျိုးကို နည်းပြဘယ်လောက်များများက လုပ်ခဲ့ဖူးတာပါလဲ။ အထူးသဖြင့် ထိပ်တန်းအဆင့်တွေမှာပေါ့" "INEOS က အပြောင်းအရွှေ့ကို ချုပ်ကိုင်တော့မယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ မျှမျှတတတွေးပြီးပြောရမယ်ဆိုရင် ဒါက ကောင်းပါတယ်။ အခုတော့ ယူနိုက်တက်က ကောင်းကောင်းကြီး လုပ်နိုင်တော့မှာပါ"လို့ ပြောပါတယ်။