The network connection is lost.

Banner Image

အသင်းဘက်က စာချုပ်သစ်မကမ်းလှမ်းတာနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ မန်စီးတီးစတား

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက အသင်းဘက်က စာချုပ်သစ်မကမ်းလှမ်းတာနဲ့ပတ်သက်ပြီး နာကျင်ခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ စနေနေ့က အဲဗာတန်ကို ၂-၀ နဲ့အနိုင်ရပြီးနောက် အသက် ၃၃ နှစ်သားက နောက်ကွယ်က အကြောင်းအရင်းတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဒီရာသီမှာ ဒီဘရိုင်းတစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ခဲ့ပေမယ့် တတ်နိုင်သလောက်အသင်းကို ထမ်းတင်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းဘက်က စာချုပ်သစ်မကမ်းလှမ်းတာနဲ့ပတ်သက်လို့တော့ မပျော်မရွှင်ဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ “အနည်းငယ်တော့ အံ့အားသင့်မိပါတယ်။ ကျွန်တော် သူတို့ဆီကနေ တစ်နှစ်လုံးကို ဘာကမ်းလှမ်းမှုမှမရခဲ့ပါဘူး။ အသင်းဘက်က ဆုံးဖြတ်ချက်ချတာပါ။ ယေဘုယျအားဖြင့် ကျွန်တော် အနည်းငယ်တော့ နာကျင်ရပါတယ်။ ဒါပေမယ့် အဲ့တာကို လက်ခံပါတယ်။

အရိုးသားဆုံးပြောရရင် ကျွန်တော် ထိပ်တန်းအဆင့်မှာ စွမ်းဆောင်နိုင်ပါသေးတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေကို အသင်းဘက်က လုပ်တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။
ကျွန်တော်ထွက်ခွာမယ်လို့ပြောပြီး ၁ ပတ်ခွဲလောက်ရှိနေပါပြီ။ ဘာမှမသိရသေးပါဘူး။ အဲ့တာက မကောင်းပါဘူး။ ကျွန်တော့်မိသားစုက အိမ်မှာမရှိပါဘူး။ သူတို့ အားလပ်ရက်အပန်းဖြေနေပါတယ်။ ကျွန်တော် ဘီဂရစ်စတိန်း ၊ ဆိုရီရာနိုတို့ကိုပြောခဲ့ပါတယ်။ ကျွန်တော် အများကြီးပေးနိုင်တယ်လို့ ခံစားနေရပါသေးတယ်။ အသက် ၂၅ နှစ်မဟုတ်တော့ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို အကောင်းဆုံးလုပ်နိုင်သေးတယ်လို့ ခံစားနေရဆဲပါ”လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားတစ်ယောက် ပြီးခဲ့တဲ့ ၂ ရာသီအတွင်း တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာတွေနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၃၃ နှစ်သားက သူ့မှာ အရည်အချင်းတွေကော ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်နေဆဲလို့ ထင်မြင်နေပါတယ်။ အခုလအစောပိုင်းတုန်းက ပဲလေ့စ်နဲ့ပွဲမှာ ဒီဘရိုင်းတစ်ယောက် စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။  ဒီဘရိုင်းအနေနဲ့ အနားယူဖွယ်မရှိသေးပဲ အသင်းတော်တော်များများက ခေါ်ယူချင်ပေမယ့် လုပ်ခလစာကြောင့် လက်တွန့်နေကြပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးမှာ ဘယ်လ်ဂျီယံသားက သူ့အနာဂတ်ကို မစဉ်းစားရသေးပဲ လမ်းအကုန်ဖွင့်ထားတယ်လို့ ဖြေကြားထားပါတယ်။