ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ကစားသမားတွေကို ကွင်းတွင်းမှ ထွက်ခွာဖို့ ဒေါသတကြီးအမိန့်ပေးခဲ့တဲ့ ဒီဘရိုင်း
ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ယူကရိန်းနဲ့ ဂိုးမရှိသရေကျပြီးနောက် အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ရှုံချမှုနဲ့ ရင်ဆိုင်ရတဲ့ဘယ်လ်ဂျီယံအသင်းကို ကွင်းတွင်းမှ အမြန်ဆုံး ထွက်ခွာဖို့ အသင်းခေါင်းဆောင်ဒီဘရိုင်း ဒေါသတကြီးအမိန့်ပေးခဲ့ပါတယ်။ ယမန်နေ့ညပိုင်းပွဲစဉ်ရလဒ်ပိုင်းအရ ဘယ်လ်ဂျီယံအသင်းက ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပေမယ့် သူ့တို့အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ အုပ်စုနောက်ဆုံးပွဲစဉ်အထိ စိတ်ပျက်စရာ အခြေအနေမျိုးမှာပဲ ရှိနေခဲ့ပါတယ်။
အုပ်စုတွင်းပါဝင်နေတဲ့ အသင်းကိုယ်စီ ရမှတ်လေးမှတ်စီ ပိုင်ဆိုင်ခဲ့ပြီးနောက် ရိုမေးနီးယားက အုပ်စုပထမ၊ ဘယ်လ်ဂျီယံက အုပ်စုဒုတိယနဲ့ ဆလိုဗက်ကီးယားက အကောင်းဆုံး အုပ်စုတတိယနေရာတို့ကို ရရှိကာ နောက်တစ်ဆင့် တက်လှမ်းလာခဲ့ပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံက လာမယ့်တနင်္လာနေ့မှာ ပြင်သစ်အသင်းနဲ့ ရှုံးထွက်အဆင့်ပွဲကျပ်တစ်ခုကို ရင်ဆိုင်သွားရပါလိမ့်မယ်။
အင်္ဂလန်လက်ရွေးစင်အသင်းလိုပဲ ဘယ်လ်ဂျီယံအသင်းက ဂျာမန်မြေမှာ ကစားရတဲ့ အုပ်စုပွဲစဉ်သုံးပွဲအနက် တစ်ပွဲသာ အနိုင်ရရှိပြီး သွင်းဂိုး နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အုပ်စုအပိတ်ပွဲစဉ်အပြီး ဘယ်လ်ဂျီယံအသင်းပရိသတ်တွေက နိုင်ငံ့လက်ရွေးစင်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ သူတို့ရဲ့စိတ်ပျက်နေမှုကို ဖော်ပြဖို့ လှောင်ပြောအော်ဟစ်မှုတွေကို ပြုလုပ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံ ကစားသမားတွေက ပွဲအပြီးမှာ သူတို့ရဲ့ပရိသတ်တွေဆီ ဂုဏ်ပြုပေးဖို့ ရောက်ရှိလာပေမယ့် လှောင်ပြောင်အော်ဟစ်သံတွေ ဆက်လက်ရှိနေခဲ့ရာ အသင်းခေါင်းဆောင်ဒီဘရိုင်းက ကစားသမားတွေကို အဝတ်လဲခန်းဆီ ချက်ချင်းသွားကြဖို့ ကြားဖြတ်ဟန့်တားတိုက်တွန်းခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကစားသမားတွေဟာ အသင်းပရိသတ်တွေကို နှုတ်ဆက်ရန်အတွက် ကွင်းတွင်းဆီ ပြန်မသွားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီလိုဆက်ဆံပုံတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ယူကရိန်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ ကာရက်စ်ကိုက ပြောဆိုလိုက်ပါတယ်။
ကာရက်စ်ကိုက “ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး ဒီအတွက် ကျွန်တော်တို့တွေအသင်းတစ်ခုအဖြစ် အလွန်ဂုဏ်ယူမိပါတယ်။ ဒါကြောင့် ပရိသတ်တွေဆီက အခုလိုတုံ့ပြန်မှုတွေ ဘာလို့ရှိလာခဲ့လဲဆိုတာ ကျွန်တော်တို့ လုံးဝနားမလည်နိုင်ခဲ့ပါဘူး။ အတော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့အားလုံး အသင်းပရိသတ်တွေကို နှုတ်ဆက်ဖို့အတွက် အသင်းအဝတ်လဲခန်းဆီတောင် ပြန်မသွားနိုင်ခဲ့ပါဘူး။ ဒီလိုနှုတ်ဆက်မှုကို အတူတကွလုပ်ဆောင်ကြဖို့ ကျွန်တော်တို့တွေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို လက်သင့်ခံနိုင်စရာကိစ္စမျိုး ကျွန်တော်တို့ မတွေ့ရှိခဲ့ရပါဘူး။ ကိုယ် ဘယ်နေရာမှ စတင်ခဲ့ရသလဲဆိုတာ မမေ့ပစ်လိုက်ပါနဲ့။ အခုကျွန်တော်တို့က ပြိုင်ပွဲတိုင်းမှာ အပြည့်အဝပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနေပါပြီ”လို့ ပြောပါတယ်။
ကစားသမားတွေအပေါ် အခုလိုမျိုးဆက်ခံခဲ့တဲ့ ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် အံ့အားသင့်မိခဲ့တယ်လို့ ဘယ်လ်ဂျီယံနည်းပြတိုဒက်စ်ကိုကိုယ်တိုင်လည်း ဝန်ခံခဲ့ပါတယ်။
တိုဒက်စ်ကိုက “အရိုးသားဆုံးပြောရရင် အခုလိုမျိုးမမျှော်လင့်မိခဲ့တာကြောင့် ကျွန်တော် အံ့အားသင့်နေခဲ့ပါတယ်။ နောက်တစ်ဆင့်တက်လှမ်းနိုင်ရေးကသာ အရေးအကြီးဆုံးပါ။ အုပ်စုအဖွင့်ပွဲစဉ် ရှုံးနိမ့်ခဲ့ရပြီးနောက် အခြေအနေအရပ်ရပ်က ထင်ထားသလောက် မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် ရိုမေးနီးယားနဲ့ရင်ဆိုင်ရချိန်မှာတော့ အားလုံးရဲ့စိတ်ကျေနပ်မှုတွေ တဖန်ပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲစဉ်အပြီးမှာ အော်ဟစ်လှောင်ပြောင်မှုတွေ ဘာလို့လုပ်ဆောင်ခဲ့သလဲဆိုတာ ကျွန်တော့်ရဲ့ကစားသမားတွေ နားလည်မပေးနိုင်ပါဘူး။ ဒါကို သတိပြုမိလိုက်လို့ ကျွန်တော်ကိုယ်တိုင်လည်း အတော်လေးကို အံ့အားသင့်မိသွားပါတယ်။ ကျွန်တာ်တို့အတွက် ပရိသတ်တွေ လိုအပ်သလို ပရိသတ်တွေကလည်း ကျွန်တော်တို့အသင်းကို အပြန်အလှန်လိုအပ်ပါတယ်။ ယူကရိန်းက ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဂိုးသွင်းယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး အခုအချိန်မှာတော့ ဒီရလဒ်ပိုင်းကို လက်သင့်ခံသွားရပါမယ်”လို့ ပြောပါတယ်။
ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့် ပြင်သစ်အသင်းကလည်း အုပ်စုတွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းမွန်ဖို့ ရုန်းကန်ခဲ့ရပြီး အုပ်စုဗိုလ်သြစတြီးယားရဲ့နောက်မှာ အုပ်စုဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။