The network connection is lost.

Banner Image

အစ်ဝှစ်တောင်းနဲ့ပွဲက လုပ်ရပ်ကြောင့် ၂ ပွဲပယ်ခံရတော့မယ့် ဝုဗ်စတားကွန်ဟာ

ဝုဗ်အသင်းစတား ကွန်ဟာတစ်ယောက် အစ်ဝှစ်တောင်းအသင်းကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြုလုပ်ခဲ့တဲ့ဆိုးဝါးတဲ့လုပ်ရပ်ကြောင့် အက်ဖ်အေဘက်က ၂ ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင် ၈ သောင်းဒဏ်ကြေးပါ ချမှတ်လိုက်ပါတယ်။ အဆိုပါအခြေအနေကြောင့် ကွန်ဟာအနေနဲ့ လာမယ့်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် ၊ ဘရစ္စတိုးစတဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။

အခုလအစောပိုင်းတုန်းက အစ်ဝှစ်တောင်းကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဘရာဇီးသားဟာ တံတွေးနဲ့ထွေးခဲ့သလို ဝန်ထမ်းတော်တော်များများနဲ့ အချင်းများခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဟာတစ်ယောက် အစ်ဝှစ်လုံခြုံရေးကို တံတောင်နဲ့ပါ ထိုးနှက်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါပြစ်ဒဏ်ကို အက်ဖ်အေဘက်က အတည်ပြုပြီးနောက် ကြေညာချက်ထုတ်ပြန်ရာမှာ “ပွဲသိမ်းခရာမှုတ်ချိန်မှာ ကန်ဟာအနေနဲ့ မသင့်လျော်တဲ့အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။ အဲ့အတွက်ကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးပါ ချမှတ်ခဲ့ပါတယ်။ မကြာခင်မှာ အခြေအနေအသေးစိတ်ကို ထုတ်ပြန်ပေးသွားမှာပါ”လို့ ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၅ နှစ်သားဟာ လက်ရှိဝုဗ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာတော့ ကွန်ဟာတစ်ယောက် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး နည်းပြ ပါရဲရားကတော့ တံကောက်ကြောအခြေအနေကြောင့်လို့ အတည်ပြုခဲ့ပါတယ်။ ကွန်ဟာအနေနဲ့ လာမယ့်ပွဲတွေမှာ ပွဲပယ်ခံရမယ့်အနေအထားမှာ ပါဝင်နိုင်တော့မှာမဟုတ်တာဖြစ်ပါတယ်။ ဘရာဇီးသားကို လာမယ့်ဆောင်းဈေးကွက်မှာ အသင်းတော်တော်များများက ချိတ်ဆက်နေပြီး အဲ့ထဲမှာ အာဆင်နယ် ၊ တော့တင်ဟမ် နဲ့ ယူနိုက်တက်တို့ ပါဝင်နေပါတယ်။