The network connection is lost.

Banner Image

စပါးအသင်းကို အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးဖို့လိုက်လျောညီထွေဖြစ်မယ့် ကစားကွက်ကို အဖြေရှာရမယ့် ကွန်တီ

တော့တင်ဟမ်အသင်းကို အားနည်းချက်တွေဖော်ထုတ်ပြီး လိုက်လျောညီထွေဖြစ်စေမယ့် ကစားကွက်ကို ကွန်တီ ထုတ်သုံးနိုင်တဲ့ ဗျူဟာတွေအကြောင်းကို အက်ဒရီယန်ကလာခ်က သုံးသပ်ခဲ့ပါတယ်။ အထူးသဖြင့် ကွန်တီရဲ့ လုပ်နိုင်ကိုင်နိုင်မှုကို ကလာ့ခ်အနေဖြင့် သုံးသပ်ပြခဲ့ပါတယ်။ (လာမယ့်ထင်မြင်ယူဆချက်တွေက ကလာ့ခ်ရဲ့ သုံးသပ်မှုတွေသာ ဖြစ်ပါတယ်) ကွန်တီဟာ သူရဲ့ နောက်ဆုံး၇ရာသီအတွင်း အမှတ်ပေးဖလား ၅ကြိမ်အထိ ရယူထားပြီး တော့တင်ဟမ်အသင်းဟာ နည်းပြကောင်းတစ်ဦးကို ခန့်အပ်ထားတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

 

အသက်၅၂နှစ်အရွယ်နည်းပြဟာ နည်းစနစ်ဆရာတစ်ဆူဖြစ်ပြီး အသင်းတိုင်းကို လိုက်လျောညီထွေဖြစ်မယ့် ကစားကွက်ကိုသာ ရှာဖွေကျင့်သုံးခဲ့ပါတယ်။ ကွန်တီရဲ့ နည်းဗျူဟာတွေကို သေချာကြည့်မယ်ဆိုရင် တိုက်စစ်နဲ့ခံစစ် ဟန်ချက်မျှတမယ့် ကစားကွက်ကိုသာ သုံးတတ်တဲ့ နည်းပြဆိုတာ တွေ့ရပါတယ်။ ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတွေနဲ့ရခဲ့တဲ့ အမှတ်ပေးဖလား၄ကြိမ်ကို ကြည့်ရင် ကွန်တီရဲ့အသင်းဟာ ခံစစ်ပိုင်းမှာ ပေးဂိုးအနည်းဆုံးဖြစ်ပြီး ပြိုင်ဘက်ရဲ့ နေရာလွတ်တွေကို ရှာဖွေပြီး ထိုးနှက်အနိုင်ယူတာ ဖြစ်ပါတယ်။

 

တိုက်စစ်ဆင်ရာတွင်လည်း လျင်မြန်တဲ့ ပြေးအား၊ မာရောကျောရည်ကစားမှု၊ တန်ပြန်တိုက်စစ်ကျွမ်းကျင်စွာ ကွန်တီရဲ့ ဗျူဟာမြောက်ကစားမှုတွေဘဲ ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်က အင်တာမီလန်အသင်းဆိုရင် ဥရောပထိပ်တန်း၅လိဂ်မှာ အီတလီကလပ်အသင်းထက် ဂိုးပိုသွင်းတဲ့အသင်း ၂သင်းသာ ရှိခဲ့တဲ့အတွက် တိုက်စစ်အားကောင်းတဲ့အသင်းဆိုတာ ဖော်ညွှန်းနေပါတယ်။

 

မြောက်များစွာသော နည်းစနစ်ပိုင်းတွေကို ကျင့်သုံးတတ်တဲ့ ကွန်တီ

===========

ကွန်တီက အထက်ကပြောခဲ့သလို အသင်းနဲ့ကိုက်ညီနိုင်မယ့် လိုက်လျောညီထွေဖြစ်စေမယ့် ကစားကွက်ကိုသာ သုံးပါတယ် များသောအားဖြင့် ကွန်တီဟာ နောက်တန်း၃ယောက်ထားကစားတတ်သူဟု ကျော်ကြားပါတယ်။ သူရဲ့ ၃-၄-၃၊ ၃-၄-၂-၁ ကစားကွက်တွေဟာ ချဲလ်ဆီးအသင်းကို ပထမဆုံးစတင် တာဝန်ယူကိုင်တဲ့ ၂၀၁၆-၁၇ ရာသီမှာ ထိရောက်မှုတွေ ရှိခဲ့တာကို တွေ့ရမှာပါ။ အဆိုပါနှစ်တွင် ချဲလ်ဆီးအသင်းဟာ ရမှတ်၉၃မှတ်ဖြင့် ဒုတိယနေရာက စပါးကို နောက်ကောက်ချကာ အမှတ်ပေးဖလား ဆွတ်ခူးခဲ့ပါတယ်။

 

အလားတူ တော့တင်ဟမ်နဲ့ပထမဆုံးပွဲကို စတင်ကိုင်တွယ်ရာတွင် အဲဗာတန်အသင်းနဲ့ပွဲမှာ နောက်တန်း၃ယောက်ထားကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်ကို ယူထားခဲ့ပါတယ်။ အချက်အလက်တွေအရ ချဲလ်ဆီးတွင် ကွန်တီအသုံးများတဲ့ ကစားကွက်တွေကို ကြည့်ရင် ၃-၄-၂-၁က ၂၉ကြိမ်၊ ၃-၄-၃က ၂၆ကြိမ်၊ ၃-၅-၁-၁ က ၁၃ကြိမ်၊ ၄-၁-၄-၁ က ၅ကြိမ်၊ ၃-၁-၄-၂ က ၁ကြိမ်၊ ၃-၅-၂က ၁ကြိမ်၊ ၄-၂-၃-၁က ၁ကြိမ်စီ ဖြစ်ခဲ့ပါတယ်။

 

ဘယ်လိုဘဲဖြစ်ဖြစ် ကွန်တီဟာ အဆိုပါနည်းစနစ်တွေကိုဘဲ တယူသန် သုံးစွဲတယ်လို့ယူဆလို့မရပါဘူး။မနှစ်က အင်တာမှာ ကွန်တီဟာ မတူညီတဲ့ နည်းစနစ် ၁၂ခုကို သုံးခဲ့ပါတယ်။ အင်တာမှာ လူကာကူနှင့် မာတီးနက်ဇ်အတွဲက အလုပ်ဖြစ်ခဲ့သလို စပါးမှာလည်း ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်အတွဲကို ကွန်တီ ဘယ်လိုသုံးမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။

 

အင်တာမှာ ကွန်တီအများဆုံးသုံးခဲ့တဲ့ ကစားကွက်က ၃-၅-၂ဖြစ်ပြီး ၂၃ကြိမ်၊ ၄-၂-၃-၁က ၁၃ကြိမ်၊ ၃-၄-၂-၁ က ၁၀ကြိမ်၊ ၄-၃-၃က ၇ကြိမ်၊ ၄-၃-၁-၂ က ၆ကြိမ်၊ ၅-၃-၂ က ၅ကြိမ်စီ ရှိပါတယ်။ ရီဂူလွန်နဲ့အီမာဆင်တို့fullback နှစ်ယောက်က ကွန်တီရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာနိုင်ပါတယ်။ ပေါက်ကွဲအားကောင်းစွာ ကစားပေးမယ့် fullbackတွေကို ကွန်တီသုံးတတ်ပြီး လာမယ့်အပတ်တွေမှာ ရီဂူလွန်၊ အီမာဆင်တို့ရဲ့ ကစားအားတွေကို ကြည့်ပြီး လူထပ်ခေါ်သင့်မခေါ်သင့် ကြည့်နိုင်ပါတယ်။

 

အင်တာမှာ ဟာကီမီ၊ ပရီဆစ်တို့က အဓိကကစားသမားတွေဖြစ်ခဲ့ပြီး နှစ်ယောက်ပေါင်း စီးရီးအေ ၂၃ဂိုးအထိ ပါဝင်ပက်သက်ခဲ့ပါတယ်။ ချဲလ်ဆီးကို စကိုင်တဲ့ ကွန်တီရဲ့ ပထမဆုံးရာသီမှာ ဗစ်တာမော့ဆက်၊ အလွန်ဆိုတို့က ကွန်တီရဲ့ အားကိုးရာတွေဖြစ်ခဲ့ပြီး နှစ်ယောက်ပေါင်း ၁၄ဂိုးအထိ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

 

နည်းပြဟောင်း နူနိုဆန်းတို့စ်လက်အောက်မှာ တန်ပြန်တိုက်စစ်ကစားကွက် ထုတ်သုံးမှုက အလုပ်မဖြစ်ခဲ့သော်လည်း ကွန်တီအနေဖြင့် ပွဲချဉ်းကပ်မှုအပေါ် မူတည်ကာ တန်ပြန်တိုက်စစ်ကို ထုတ်သုံးအုံးဖို့ရှိပါတယ်။ ဘောလုံးပိုင်ဆိုင်မှုက ကွန်တီရဲ့အသင်းတွေမှာ အဓိကမကျခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် အခွင့်အရေးရလာတဲ့အခါ ဒါကို ကောင်းစွာအသုံးချနိုင်ဖို့သာ အာရုံစိုက်ကစားကြတာ ဖြစ်ပါတယ်။

 

မနှစ်က အင်တာအသင်းထက် တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းနိုင်တဲ့ အသင်းများများစားစား မရှိခဲ့ပါဘူး။အင်တာဟာ မနှစ်က တန်ပြန်တိုက်စစ်ကနေ ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ်၉၀ကျော်ခဲ့ပြီး သွင်းဂိုး၁၀ဂိုးအထိ ရှိခဲ့ပါတယ်။ လက်ရှိစပါးအသင်းမှာလည်း လျင်မြန်တဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ လူးကပ်စ်မော်ရာ၊ ဆွန်ဟောင်မင်တို့ပိုင်ဆိုင်ထားတဲ့အတွက် ရွှေ့လျားကစားဟန်တွေ၊ တန်ပြန်တိုက်စစ်တွေ စတင်နိုင်ပါတယ်။

 

ဇန်နဝါရီမတိုင်ခင်အထိ ကွန်တီအနေဖြင့် ကစားသမားများရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီး လိုက်ဖက်သော ကစားပုံကို ဖော်ဆောင်မည်ဟု ယူဆရပါတယ်။ ကွန်တီအနေဖြင့် သူအားသန်တဲ့ နောက်တန်း၃ယောက်အတွဲကို ဆက်သုံးမလား မသေချာသေးပါဘူး။ ဒါပေမဲ့ ကိုင်ခဲ့တဲ့အသင်းတိုင်းမှာ ၃ယောက်တွဲကို အဓိကထုတ်သုံးထားတဲ့အတွက် ဆက်သုံးရင်လည်း အံ့သြစရာတော့မရှိပါဘူး။

 

ကွန်တီဟာ သူရဲ့ ကစားသမားတွေကို စိတ်ဓာတ်ကြံခိုင်မှုပိုင်းအရ အမြင့်ဆုံးတောင်းဆိုမှုတွေ လုပ်သွားဖို့သေချာပါတယ် ဒါပေမဲ့ သူရဲ့ နည်းစနစ်ပိုင်းအချက်တွေကိုကြည့်ရင် ကိုင်တွယ်တဲ့အသင်းတွေကို ပိုပြီး နိုင်ပွဲတွေနဲ့နီးစပ်မှုရှိအောင် သင်ကြားပေးနိုင်သူဆိုတာ အထင်အရှားဘဲ ဖြစ်ပါတယ်။