အိုဆီမင်နဲ့ ပတ်သက်ပြီး နာပိုလီရဲ့ သဘောတူညီချက်တွေကို ဖော်ပြလာတဲ့ ကွန်တီ
နာပိုလီနည်းပြသစ် အန်တိုနီယိုကွန်တီက ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိနေတဲ့ တိုက်စစ်မှူး ဗစ်တာအိုဆီမင်နဲ့ပတ်သက်တဲ့ အသင်းရဲ့သဘောတူညီချက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
နာပိုလီဟာ အိုဆီမင်ကို ရောင်းချဖို့ ဆုံးဖြတ်ထားသော်လည်း သဘောတူညီချက်တွေနဲ့ ကိုက်ညီမှသာ အသင်းကနေထွက်ခွာခွင့်ပေးသွားမှာဖြစ်ပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင်ကစားသမားဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့အပါအဝင် ဥရောအသင်းကြီးတွေရဲ့ပစ်မှတ်ထားခြင်းကို ခံနေရသလို ပြီးခဲ့တဲ့နွေရာသီမှာလည်း ဆော်ဒီပရိုလိဂ်ရဲ့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။
နာပိုလီအနေနဲ့လည်း ကစားသမားကို အသင်းကနေထွက်ခွာဖို့ ခွင့်ပြုထားသော်လည်း ပြောင်းရွှေ့ကြေးပေါင်သန်း ၁၁၀ ပေးချေမှသာ သဘောတူညီသွားမယ်လို့သိရပါတယ်။ သို့သော်လည်း အဆိုပါတန်ကြေးဟာ ဥရောအသင်းကြီးတွေအတွက်တော့ အလွန်ဈေးကြီးနေတာကြောင့် ယခုအခါမှာ အီတလီကလပ်အနေနဲ့ ကစားသမားရဲ့ဈေးနှုန်းကို လျှော့ချပေးရဖို့အလားအလာနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
နာပိုလီနည်းပြဖြစ်လာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ခဗာရက်စ်ခီလီယာ၊ လော်ရန်ဇို၊အန်ဂွီဆာနဲ့ လိုဘော်ကာတို့ကို ရောင်းချမှာမဟုတ်ကြောင်းပြောကြားခဲ့ပေမယ့် အိုဆီမင်နဲ့ပတ်သက်ရင်တော့ မတူညီတဲ့အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။
ကွန်တီက “အိုဆီမင်နဲ့ပတ်သက်ရင်တော့ စိုးရိမ်စရာအခြေအနေရှိပေမယ့် ခဗာရက်စ်ခီလီယာ၊ လော်ရန်ဇို၊အန်ဂွီဆာနဲ့ လိုဘော်ကာတို့ကိုတော့ ရောင်းချသွားမှာမဟုတ်ပါဘူး။ အိုဆီမင်နဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိသလဲဆိုရင်တော့ အသင်းမှာ သူနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေ ရှိနေပါတယ်။ အခြားကစားသမားတွေနဲ့မတူညီတဲ့အချက်တွေပါ” “သူက ထိပ်တန်းအဆင့်မှာ အကောင်းဆုံးဆိုတဲ့ ကစားသမားထဲမှာပါပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေကို အသင်းကကျွန်တော့်ကို သေချာရှင်းပြထားလို့ သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ ကျွန်တော်ဝင်ပါလို့မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အသင်းရဲ့တောင်ပံကစားသမား ခဗာရက်စ်ခီလီယာကို ပီအက်စ်ဂျီက ပြင်းပြင်းထန်ထန်ချိတ်ဆက်နေသော်လည်း ကွန်တီကတော့ ဂျော်ဂျီယာကြယ်ပွင့်ဟာ သူ့ရဲ့အစီအစဉ်တွေထဲမှာ အဓိကပါဝင်နေတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ကွန်တီက “ခဗာရက်စ်ခီလီယာလိုမျိုး ကစားတတ်တဲ့ကစားသမားက ရှားပါးသထက်ရှားပါးလာတာကြောင့် သူ့ကိုအသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့က ရုတ်တရက်ပေါ်လာတဲ့ စိတ်ကူးမျိုးမဟုတ်ပါဘူး။ ဒါကြောင့် သူ့ကိုအသင်းမှာ ဆက်လက်ထားရှိဖို့က ကျွန်တော့်အတွက် လေးနက်တဲ့ကိစ္စတစ်ခုပါ။ သူက အသင်းရဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုပိုင်းမှာ အလွန်အရေးပါတဲ့ကစားသမားဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။