The network connection is lost.

Banner Image

အာဆင်နယ်ကိုအသာရပြီး ဇာဗီဆိုင်မွန်စ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ချဲလ်ဆီး

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကိုခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတာဖြစ်ပြီး ယခုအခါမှာတော့ ချဲလ်ဆီးဟာ  ကစားသမားကိုခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာတယ်လို့သိရပါတယ်။ ဆိုင်မွန်စ်ကို အာဆင်နယ်နဲ့ချဲလ်ဆီးသာမက ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ကလည်း ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဆိုင်မွန်စ်ဟာ ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပြီး ချဲလ်ဆီးဘက်ကလည်း အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ တွန်းအားပေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

လိုက်ပ်ဇစ်အနေနဲ့ နယ်သာလန်လက်ရွေးစင်ကို တန်ကြေးပေါင်သန်း ၆၀ သတ်မှတ်ထားပြီး ချဲလ်ဆီးကတော့ အဆိုပါဈေးနှုန်းအထိပေးချေသွားဖို့မရှိဘဲ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖွယ်ရှိပါတယ်။ ဆိုင်မွန်စ်ရဲ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနဲ့ လိုက်ပ်ဇစ်တို့အကြားဆွေးနွေးမှုတွေကို အင်္ဂါနေ့မှာ စတင်လုပ်ဆောင်သွားဖို့စီစဉ်ထားပါတယ်။ ဆိုင်မွန်စ်ကိုခေါ်ယူမယ်ဆိုပါက ချဲလ်ဆီးအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကစားသမားတစ်ဦးကို ပြန်လည်ရောင်းချသွားရဖို့လည်း ရှိနေပါသေးတယ်။ တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်တဲ့ ဆိုင်မွန်စ်ဟာ ပွဲထွက်ခွင့်ရဖို့ မသေချာပါက ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ စဉ်းစားဖွယ်မရှိဘူးလို့ သတင်းတွေကဆိုပါတယ်။ 

ဒါကြောင့် အာဆင်နယ်အနေနဲ့လည်း ဆိုင်မွန်စ်ကိုခေါ်ယူဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာတီတာရဲ့အသင်းဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီလည်းဖြစ်ပါတယ်။ ဆိုင်မွန်စ်ကတော့ ဒီနွေရာသီမှာ လိုက်ပ်ဇစ်မှထွက်ခွာလိုကြောင်း အတိအလင်းပြောကြားထားပြီး အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဘွန်ဒက်စ်လီဂါအသင်းအတွင်း စုစုပေါင်း ၇၆ ပွဲကစားကာ ၂၁ ဂိုးသွင်း၊ ၂၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာမွေးဖွားခဲ့တဲ့ ဆိုင်မွန်စ်ဟာ လူငယ်ကစားသမားဘဝကို ဘာစီလိုနာမှာ ဖြတ်သန်းခဲ့ပြီး နောက်ပိုင်းမှာ ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပါတယ်။ ပီအက်စ်ဂျီမှာတော့ ဆိုင်မွန်စ်အနေနဲ့ ပုံမှန်နေရာရဖို့ရုန်းကန်ခဲ့ရပြီး ၁၁ ပွဲသာကစားခဲ့ရတာကြောင့် လိုက်ပ်ဇစ်သို့အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာတော့ လိုက်ပ်ဇစ်က ဆိုင်မွန်စ်ကို အပြီးသတ်ဝယ်ယူလိုက်ပြီး ယခုအခါမှာ ပြန်လည်ရောင်းချဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းအတွက်တော့ ဆိုင်မွန်စ်ဟာ စုစုပေါင်း ၂၈ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။