The network connection is lost.

Banner Image

စက်တင်ဘာတစ်လလုံး ဂိုးမသွင်းရသေးတာကြောင့် တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကို ချီးမြှင့်ဖို့ အခက်ကြုံနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ စက်တင်ဘာလတစ်လလုံးမှာ သွင်းဂိုးတစ်ဂိုးမှမရရှိသေးတာကြောင့် တစ်လတာအကောင်းဆုံး သွင်းဂိုးဆုကို ချီးမြှင့်နိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့သိရှိရပါတယ်။

ပြီးခဲ့တဲ့ရာသီက စိတ်ပျက်ဖွယ် ရလဒ်များနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ချဲလ်ဆီးဟာ လက်ရှိရာသီမှာတော့ နည်းပြသစ် ပိုချက်တီနိုရဲ့ဦးဆောင်မှုနဲ့ အတူ လူအင်အားအများအပြားဖြည့်တင်းကာ ပုံစံ‌ကောင်းရရှိဖို့မျှော်လင့်ထားသော်လည်း ခုချိန်ထိ‌တော့ ထင်သလောက်ဖြစ်မလာသေးပါဘူး။ ချဲလ်ဆီးဟာ အသင်းပိုင်ရှင်တော့ဘိုလီရဲ့လက်ထက်မှာ ကြီးမားတဲ့အပြောင်းအရွှေ့တွေ တောက်လျှောက်ပြုလုပ်ပြီး တန်ဖိုးကြီး ကစားသမားကောင်းတွေပိုင်ဆိုင်ထားသော်လည်း လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄  နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

ဒီရာသီ လူတန်တောင်းနဲ့ပွဲစဉ်မှာသာ တစ်ပွဲတည်းသော ပရီးမီးယားလိဂ်နိုင်ပွဲအဖြစ်ပုံဖော်ထားနိုင်တဲ့ ချဲလ်ဆီးအသင်းဟာ မနေ့ညယှဉ်ပြိုင်ခဲ့တဲ့ အက်စတွန်ဗီလာနဲပွဲစဉ်မှာလည်း ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ၀-၁ နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ဆုံး ၃ ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး စက်တင်ဘာလအတွင်းယှဉ်ပြိုင်ခဲ့တဲ့ အခြား ၂ ပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ ဘုန်းမောက်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်တို့ဖြစ်ပါတယ်။

ယခုချိန်အထိ စက်တင်ဘာလအတွက် သွင်းဂိုးမရရှိသေးတာကြောင့် ချဲလ်ဆီးဟာ တစ်လတာအကောင်းဆုံး သွင်းဂိုးဆုကို ပေးအပ်ချီးမြှင့်ဖို့အခက်ကြုံနေပေမယ့် ‌စက်တင်ဘာလရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်တစ်ပွဲတော့ ကျန်ရှိ‌နေပါသေးတယ်။ ဒါကြောင့် အဆိုပါပွဲစဉ်ဟာ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုးရရှိဖို့ နောက်ဆုံးအခွင့်အရေးဖြစ်လာခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ပရိသတ်တွေက ချဲလ်ဆီးကို ‌ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောင်ပြောင်တင်းတင်းဝေဖန်နေကြတာဖြစ်ပါတယ်။

ပရိသတ်တွေက "ချဲလ်ဆီးအသင်းရဲ့ တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကို ချဲလ်ဆီးယူ-၂၃ အသင်းကိုပေးရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စီနီယာအသင်းက ဂိုးမသွင်းရသေးလို့ပါ"၊ "ချဲလ်ဆီးအသင်းရဲ့ တစ်လတာအကောင်းဆုံးသွင်းဂိုးက လေ့ကျင့်ရေးကွင်းမှာပါ"၊ "မိမိမှာ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံး သွင်းဂိုးဆုအတွက် ပြိုင်ချင်ပါသော်လည်း တစ်လလုံး တစ်ဂိုးမှမသွင်းရသေးသောအခါ"၊ "ချဲလ်ဆီးအသင်းရဲ့ တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကို ပေးခဲ့ရတဲ့ဂိုးတွေကနေ ပြန်လည်ရွေးချယ်ရပါမယ်။ ဘာလို့လဲဆိုတော့ ရက် ၃၀ လုံးတစ်ဂိုးမှမသွင်းရသေးလို့ပါ" စသည်ဖြင့်အသီးသီးမှတ်ချက်ပြုဝေဖန်ထားကြပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး သွင်းဂိုးမှာ နိုင်ငံတကာ ပွဲစဉ်များမတိုင်ခင် ဩဂုတ် ၃၀ ရက်နေ့က ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဝင်ဘယ်ဒန်နဲ့ကစားခဲ့တဲ့ပွဲစဉ်ဖြစ်တာကြောင့် ဈေးကြီးတဲ့ကစားသမားတွေ အများအပြားပိုင်ဆိုင်ထားတဲ့အသင်းတစ်သင်းအတွက် အခုလိုဖြစ်ရပ်ဟာ ပရိသတ်တွေအဖို့ လက်မခံနိုင်စရာဖြစ်နေပါတယ်။