The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်မယ့်အသင်း ၂ သင်းကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

နယူးကာဆယ်ကိုအရေးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်မယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့အပတ်ပွဲတွေမတိုင်ခင် အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်ကိုအနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံး ၅ သင်းနေရာကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းမှာ ဂျက်ဆင်အထုတ်ခံခဲ့ရပြီးနောက် ချဲလ်ဆီးဟာ နယူးကာဆယ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ လာမယ့်ရာသီသစ်မှာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၅ သင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ လီဗာပူးအသင်းက ချန်ပီယံဖြစ်ခဲ့တာကြောင့် ၁ နေရာသေချာခဲ့ပြီဖြစ်သလို အာဆင်နယ်ကလည်း ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ချေရှိနေပါတယ်။

လက်ကျန် ၂ ပွဲအလိုမှာ တတိယနေရာကနေ အဆင့် ၇ နေရာအထိက ရမှတ် ၄ မှတ်သာ ကွာဟတာဖြစ်ပါတယ်။  ဖောရက်စ်က လက်စတာနဲ့ပွဲမှာ အမှတ်လျော့ခဲ့တာကြောင့် ကာရေဂါက နော်တင်ဟမ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေက အမှတ်လျော့ကျခဲ့မှုတွေက နော်တင်ဟမ်အတွက် နစ်နာခဲ့ပြီး လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်သာရနိုင်ချေများနေပါတယ်။

လီဗာပူးအသင်းနောက်ခံလူဟောင်းက ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။ “ချဲလ်ဆီးက ယူနိုက်တက်ကိုအနိုင်ရပါလိမ့်မယ်။ နော်တင်ဟမ်ကိုလည်း အနိုင်ကန်နိုင်ချေရှိပါတယ်။ ကြီးမားတဲ့ပရိသတ်အားပေးမှုရှိနိုင်ပါတယ်။ နော်တင်ဟမ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင်တောင် ဒီရာသီသူတို့လုပ်ပြခဲ့တာတွေက အထင်ကြီးစရာပါ။ 

သူတို့ ဥရောပဝင်ခွင့်ရခဲ့တာက ကြီးမားတဲ့အောင်မြင်မှုပါ။ ချဲလ်ဆီး နဲ့ နော်တင်ဟမ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်ပြီး ဗီလာက ဝင်ခွင့်ရနိုင်ပါတယ်”လို့ ကာရေဂါက ဖြေကြားခဲ့ပါတယ်။

လီဗာပူး နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရတာက ကံဆိုးမှုဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ “ချဲလ်ဆီးက ဘီလီယံပေါင်းများစွာအသုံးပြုထားတာပါ။ သူတို့ ပြိုင်ပွဲတွေကနေထွက်ခွာခဲ့ရပါတယ်။ ကွန်းဖရန့်လိဂ်ဖိုင်နယ်တက်ပေမယ့် အဲ့တာက ချန်ပီယံလိဂ်မဟုတ်ပါဘူး။

သူတို့ ချန်ပီယံလိဂ်ဝင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။တကယ်လို့ အဲ့လိုမှမဝင်ခဲ့ရင် ကံဆိုးမှုဖြစ်လာနိုင်ပါတယ်။ ဘရိုက်တန်ကို ၃-၀ နဲ့ အရေးနိမ့်တုန်းက ကျွန်တော် ပယ်လ်မာစိတ်ပျက်နေတာကို မြင်ခဲ့ရပါတယ်။ သူက အခုလိုမျိုးချန်ပီယံလိဂ်မဝင်တာမျိုး နှစ်အတော်ကြာစောင့်ဆိုင်းမယ့်သူမျိုးမဟုတ်ပါဘူး”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်မေလ ၂၈ ရက်နေ့မှာ ကွန်းဖရန့်လိဂ်ဖိုင်နယ်အဖြစ် ဘက်တစ်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။