
အဖွဲ့ချုပ် ဥက္ကဌကို ရာထူးကနေဖယ်ရှားခဲ့ပေမယ့် အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့်အစီအစဉ် ပြောင်းလဲခြင်းမရှိတဲ့ ဘရာဇီး
ဘရာဇီးဟာ အသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အက်ဒ်နယ်ဒို ရိုဒရီဂွက်စ်ကို ရာထူးကနေဖယ်ရှားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့်အစီအစဉ်ကိုတော့ ပြောင်းလဲခြင်းမရှိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဥက္ကဌသစ်မခန့်အပ်မီ ကြားကာလမှာ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်သွားမယ့် ဖာနန်ဒိုဆာနေးက အန်ဆယ်လော့တီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားပြီဖြစ်ကြောင်းနဲ့ အီတလီသားကို အသင်းမှာ နည်းပြသစ်အဖြစ် ခန့်အပ်မယ့်အစီအစဉ်ကို ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
ဆာနေးက “အန်ဆယ်လော့တီကို ခန့်အပ်မယ့်အစီအစဉ်က ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအစီအစဉ်ကို ပြောင်းလဲသွားဖို့လည်းမရှိပါဘူး။ ပုံမှန်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ပရိသတ်တွေလည်း သဘောကျသလို၊ ဘောလုံးအဖွဲ့ချုပ်ကလည်း ကန့်ကွက်စရာမရှိလို့ ဒါကိုပြောင်းလဲမယ့်အစီအစဉ်မရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။
အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးလက်ရွေးစင်အသင်းကို ကိုင်တွယ်ခြင်းမပြုရသေးပေမယ့် အသင်းရဲ့ ကစားသမားတွေနဲ့ရော၊ အခြားအရာရှိတွေနဲ့ပါ ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်ထားနိုင်ပြီလို့သိရပါတယ်။ တစ်ချိန်မှာ ဘရာဇီးအသင်းရဲ့ခေါင်းဆောင်တွေဖြစ်လာမယ်လို့ ယူဆရတဲ့ ဗင်နီစီးယက်စ်နဲ့ ရိုဒီရီဂိုတို့ဟာ အန်ဆယ်လော့တီလက်အောက်မှာ ကာလရှည်ကစားခဲ့ကြသလို၊ မကြာသေးမီက အီတလီသားဟာ နေမာ၊ ကတ်စမဲရိုးတို့နဲ့ တွေ့ဆုံထားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
အန်ဆယ်လော့တီဟာ မေလ ၂၆ ရက်နေ့မှာ ဘရာဇီးသို့ ရောက်ရှိမယ်လို့သိရပြီး နောက်လမှာ ကျင်းပသွားမယ့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမတိုင်မီမှာပဲ ကစားသမားတွေနဲ့ စတင်ပူးပေါင်းသွားမှာဖြစ်ပါတယ်။ ဇွန်လ ၆ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဘရာဇီးဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အန်ဆယ်လော့တီတစ်ယောက် အဖွင့်ပွဲစဉ်တွေမှာ အနိုင်ရလဒ်တွေ ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။