The network connection is lost.

Banner Image

အသင်းပြောင်းဖို့ တိုက်တွန်းခဲ့တဲ့ အာဆင်နယ်ကစားသမားတစ်ဦးအကြောင်း ဖွင့်ဟလာတဲ့ ကာလာဖီအိုရီ

အာဆင်နယ်ကစားသမားသစ် ကာလာဖီအိုရီက မြောက်လန်ဒန်ကလပ်အသင်းဆီ ပြောင်းရွှေ့လာရမှုအပေါ် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘယ်အစွန်ခံစစ်နေရာမှာပါကစားနိုင်စွမ်းရှိတဲ့ အီတာလျံဗဟိုခံစစ်မှူးက ဘိုလော့ဂ်နာမှ ဂန်းနားတွေဆီ ကာလရှည်စာချုပ်တစ်ရပ်ဖြင့် ရောက်ရှိလာသူဖြစ်ပါတယ်။   ပတ်ဝန်းကျင်သစ်ဆီ ရောက်ရှိလာတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားက သူ့ရဲ့ဂန်းနားတပ်သားဘ၀ ပထမဆုံးအင်တာဗျူးကို ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံချိန် ပြုလုပ်ခဲ့ပါတယ်။

ကာလာဖီအိုရီက “ အံ့မခန်းခံစားချက်ပါပဲ။ အခုအချိန်မတိုင်ခင်အထိ အခက်အခဲတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ပူးပေါင်းနိုင်ပါပြီ။ အသင်းနဲ့အတူ လေ့ကျင့်ရေးစတင်ဖို့၊ ပရိသတ်တွေအတွက် ယှဉ်ပြိုင်ကစားပေးဖို့ ကျွန်တော်မစောင့်ဆိုင်းနိုင်တော့ပါဘူး။ အသက်-၁၂ နှစ်၊ ၁၃ နှစ်အရွယ်ကတည်းက ကျွန်တော့်မှာရှိခဲ့တဲ့ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ကမ္ဘာ့အဆင့်ကစားသမားတွေ ဒီလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနေတာ မြင်တွေ့နိုင်ခဲ့လို့ပါပဲ။ ကျွန်တော်လည်း ဒီလိဂ်မှာကစားချင်ပါတယ်။ ဒါမျိုးဆိုတာက ကျွန်တော့်အတွက်တင်မက လူတိုင်းအတွက်ပါ အိပ်မက်တစ်ခု ဖြစ်နေပါလိမ့်မယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “နည်းပြရော၊ အီဒူးနဲ့ပါ ကျွန်တော် စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ သူတို့တွေကလည်း ကျွန်တော့်ကို စည်းရုံးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် အရင်ကတည်းက စည်းရုံးခဲ့ပြီးသားပါ။ လာမယ့်နှစ်အနည်းငယ်အထိ ဒါက ကျွန်တော့်အတွက် အကောင်းဆုံးစီမံကိန်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကစားသမားတစ်ဦးအဖြစ် ကျွန်တော် တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်ကမှ ကျွန်တော် ဂျော်ဂျင်ဟိုနဲ့ဆုံဖူးတာပါ။ ဒါပေမယ့် သူက လူကောင်းတစ်ဦးဆိုတာ မြင်တာနဲ့သိပါတယ်။ ကျွန်တော်က ကိုယ့်ကိုကိုယ်စည်းရုံးခဲ့ပြီးသားဆိုပေမယ့် သူကလည်း ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။ လာသာလာခဲ့လိုက်၊ ဒီအသင်းမှာ မင်းပျော်ရွှင်ရလိမ့်မယ်၊ တကယ့်အံ့မခန်းအသင်းတစ်ခု၊ အရာရာတိုင်းကောင်းလွန်းတယ်လို့ သူပြောပြပါတယ်။ ဒီလိုကောင်းမွန်မှုတွေကို ပထမဆုံးမိနစ်မှစပြီး မြင်တွေ့နိုင်ကြပါလိမ့်မယ်”လို့ ဆိုပါတယ်။