
ဘွန်ဒက်စ်လီဂါဖလားဆွတ်ခူးနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်မိကြောင်း ဖွင့်ဟလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက အသင်းနဲ့အတူ ၂၀၂၄-၂၅ ဂျာမန်ဘွန်ဒက်စ်လီဂါဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိကြောင်း ဖွင့်ဟလာခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းအပါအဝင် ကစားသမားတွေအတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားလာခဲ့ပါတယ်။
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ လေဗာကူဆင်က ဖရိုင်းဘတ်ကို ၂-၂ နဲ့သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်ဟာ ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ ၂၀၂၄-၂၅ ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
စနေနေ့က ဘိုင်ယန်မြူးနစ်ဟာ လိုက်ပ်ဇစ်ကို ၃-၃ နဲ့သရေကျခဲ့လို့ ဒုတိယနေရာက လေဗာကူဆင်အနေနဲ့ ဆုဖလားအတွက် မျှော်လင့်ချက်ရှိခဲ့သေးပေမယ့် ယခုအခါမှာ ဖရိုင်းဘတ်ကို အနိုင်ကစားနိုင်ခဲ့ခြင်းမရှိလို့ ဆုဖလားကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါ ၃၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၇၆ မှတ်အထိစုဆောင်းနိုင်ခဲ့ပြီး ၂ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။ ကွန်ပနီအနေနဲ့လည်း ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် အမှတ်ပေးဖလားကို ပြန်လည်ဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာ ကွန်ပနီက "ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပြီဆိုတော့ အချိန်ခဏတော့ ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံသွားရပါမယ်။ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရာသီတစ်လျှောက်လုံး ကြိုးစားပေးခဲ့တဲ့ကြတဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ အတူတူလုပ်နိုင်ခဲ့ကြပြီး အသင်းတစ်သင်းအဖြစ်နဲ့ အောင်မြင်မှုရခဲ့ပါပြီ"
"ပြီးတော့ နောက်ကွယ်ကနေ ကလပ်ကိုကူညီပံ့ပိုးနေတဲ့ အသင်းရဲ့အားကစားဌာနတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဆုဖလားက အလုပ်ကြိုးစားမှုရဲ့ သက်သေတစ်ခုပါပဲ။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်။ ရာသီက မပြီးဆုံးသေးပါဘူး။ ပိုကောင်းတဲ့ခြေစွမ်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားပါမယ်"
"ကမ္ဘာအနှံ့က ဘိုင်ယန်မြူးနစ် ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့အားပေးမှုက အသင်းအတွက် အရမ်းအရေးပါခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ အတူတူ အောင်ပွဲခံကြပါမယ်" လို့ပြောကြားခဲ့ပါတယ်။ ဇွန်လမှာ ကျင်းပသွားမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဘိုင်ယန်မြူးနစ်ဟာ လက်ကျန်ဘွန်ဒက်စ်လီဂါပွဲစဉ်တွေအဖြစ် မိုချန်ဂလာဘတ်၊ ဟော့ဖန်ဟိမ်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။