The network connection is lost.

Banner Image

ဇာဗီကို ဘာကြောင့်ထုတ်ပယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဘာစီလိုနာ ဥက္ကဋ္ဌလာပေါ်တာ

ဘာစီလိုနာအသင်း ဥက္ကဋ္ဌလာပေါ်တာက ဇာဗီရဲ့လေသံပြောင်းလဲလာမှုတစ်ခုဟာ ရာသီကုန်ဆုံးချိန် သူ့ကို တာဝန်မှ အနားပေးလိုက်ဖို့အထိ ဖြစ်သွားစေခဲ့တယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။
 
ရာထူးမှ ထွက်ခွာတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး တစ်လတာအကြာမှာပဲ အသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ လာပေါ်တာနဲ့ သဘောကွဲလွဲမှုတစ်ခု ပေါ်ပေါက်ခဲ့တဲ့ ဇာဗီက သူ့ရဲ့ရာထူးကို စွန့်လွှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဇာဗီက အခြေအနေတွေကို အများသိရှိအောင် ရှေ့ထွက်လာပြီး ရှင်းပြပေးဖို့ အသင်းဥက္ကဋ္ဌဆီ တောင်းဆိုလိုက်ပါတယ်။ အခုတော့ လာပေါ်တာက ဇာဗီထုတ်ပယ်ခံရတဲ့အထိ ဖြစ်စေခဲ့တဲ့ သဘောကွဲလွဲမှုတစ်ခုအကြောင်း အတိအကျဖော်ထုတ်လာပါတယ်။
 
လာပေါ်တာက “ ဇာဗီ အကောင်းဆုံးလုပ်ခဲ့ပါတယ်။အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ကာလတစ်ခုမှာ သူက အသင်းရဲ့နည်းပြတာဝန်ကို လွှဲပြောင်းရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ သူက စပိန်လာလီဂါနဲ့ စူပါဖလား အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ ဇာဗီကိုယ်တိုင် ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောရတဲ့အထိ ကိစ္စတိုင်းက အဆင်ပြေပြေဖြစ်မလာခဲ့ပါဘူး။ ဇာဗီက အသည်းငယ်သူတစ်ယောက်ဖြစ်နေလို့ ရာသီကုန်ဆုံးချိန်မှာ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် လက်ခံပေးခဲ့ပါတယ်။ ရာသီအလယ်ကာလမျိုးမှာ နည်းပြပြောင်းလဲတာမျိုးက ဘာကောင်းကျိုးမှ မရှိစေပါဘူး။ ဒီနောက်မှာတော့ အသင်းမှာ သူဆက်ရှိချင်တယ်လို့ တောင်းဆိုလာခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသင်းလူစာရင်းအပေါ် ယုံကြည်မှုရှိရဲ့လားလို့ သူ့ကို ပြန်မေးခဲ့ပါတယ်။ သူကတော့ ယုံကြည်ပါတယ်လို့ အဖြေပြန်ပေးခဲ့ပါတယ်။ ဘာပြောင်းလဲသွားလဲ? ဇာဗီက ဖိအားတွေကို ခံနိုင်ရည်ရှိပုံမရပါဘူး”
 
“ဇာဗီရဲ့လေသံပြောင်းလဲသွားတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုလည်း ရှိခဲ့ပါတယ်။ အားကစားဒါရိုက်တာနဲ့ အစည်းအဝေးမှာလည်း သူရဲ့တောင်းဆိုမှုတွေ ပြောင်းလဲလာခဲ့ပါတယ်။ ဒါတွေက အသင်းအတွက် အသစ်မှပြန်စဖို့ လိုအပ်နေပြီလို့ ကျွန်တော့်ကို ထင်မြင်မိစေပါတယ်။ ဒီလူစာရင်းနဲ့ပဲ ဘယ်အသင်းမဆို ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆရတဲ့ ဟန်စီဖလစ်ခ်ကို ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ ဒါကပဲ အဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်။ ဇာဗီနဲ့လည်း ကျွန်တော်တို့တွေ အရမ်းကောင်းတဲ့နည်းလမ်းတစ်ခုနဲ့ လမ်းခွဲခဲ့တယ်လို့ ထင်ပါတယ်။ ဇာဗီက စကားတည်သူဖြစ်သလို ကျွန်တော်တို့လည်း စကားတည်ပါတယ်။ ကျွန်တော်တို့ကြားမှာ သဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
 
အသေးစိတ်ရှင်းပြပေးဖို့ တိုက်တွန်းလိုက်ချိန် လာပေါ်တာက “ဇာဗီကို အသင်းမှာဆက်ထားဖို့ ဆုံးဖြတ်လိုက်ချိန် အရာရာတိုင်းက ဖိအားတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဇာဗီက အသင်းရဲ့ဂန္တဝင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှုတွေက ကျွန်တော်တို့အတွက် သူ့ကိုဆက်ထားဖို့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီအချိန်မှာပဲ သူက အဲ့ဒီလိုထုတ်ပြန်ချက်တွေ ထုတ်ပြန်လာပြီး တောင်းဆိုချက်တွေလည်း သိသိသာသာပြောင်းလဲလာခဲ့ပါတယ်။ အသင်းရဲ့စီမံခန့်ခွဲရေးပိုင်းတာဝန်ရှိသူတွေကိုယ်တိုင် ဇာဗီရဲ့တောင်းဆိုမှုတွေအပေါ် ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ဇာဗီကို ထုတ်ပယ်ပစ်ရတော့မယ်ဆိုတဲ့ အသိမျိုး ရှိလာခဲ့ပါတယ်။ ဘုတ်အဖွဲ့မှာလည်း ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့နဲ့ ဒီဆုံးဖြတ်ချက်တွေကို ပြင်ဆင်ဖို့ အခွင့်အာဏာရှိပါတယ်။ ဇာဗီ လုပ်ခဲ့သလိုမျိုးပါပဲ”လို့ ဆက်ပြောပါတယ်။ ဒီနောက်မှာတော့ လာပေါ်တာက ဇာဗီရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ နည်းပြသစ်ဟန်စီဖလစ်ခ်နဲ့ လက်တွဲရခြင်းအပေါ် စိတ်လှုပ်ရှားနေပုံကို ဆက်လက်ဖော်ပြခဲ့ပါတယ်။
 
ဘာစီလိုနာဥက္ကဋ္ဌက “ဇာဗီအပေါ်လေးစားမှုကို ပြသမှုအဖြစ် အသင်းအတွက် အနှောင့်အယှက်မဖြစ်ရအောင် ကျွန်တော်တို့ရဲ့နည်းပြသစ်ရှာဖွေရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေးစေခဲ့ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရှိနေမှုနဲ့အတူ အသင်းကို စိတ်အနှောင့်အယှက် ဖြစ်သွားစေတာမျိုး ကျွန်တော်တို့ မလိုလားခဲ့ပါဘူး။ ကျွန်တော်တို့ ဟန်စီဖလစ်ခ်နဲ့လည်း ဆွေးနွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ဂျာမနီလက်ရွေးစင်အသင်းကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားပေးချင်ခဲ့ပါတယ်။ ဇာဗီက အသင်းကို တာဝန်မယူလိုတော့ဘူးလို့ ပြောလာချိန်မှာပဲ ဟန်စီဖလစ်ခ်က အသင်းလူစာရင်းကို လေ့လာပြီး အကောင်းဆုံးရလဒ်ဖြစ်လာအောင် ဘယ်လိုလုပ်သွားမလဲ စဉ်းစားနေခဲ့ပါတယ်။ ဇာဗီနေရာအတွက် ဖလစ်ခ်ဆီ အားကစားဒါရိုက်တာဒေကိုတို့ သွားတွေ့ချိန်မှာ ဖလစ်ခ်က yes လို့ အဖြေပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ဒီလူဟာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးလူဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်” လို့ ပြောပါတယ်။