၂၀၂၄ ဂျိုအမ်ဂမ်ပါဖလားပွဲစဉ်အတွက် မိုနာကိုနဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဘာစီလိုနာ
စပိန်လာလီဂါဘောလုံးရာသီသစ်မစတင်ခင် သြဂုတ်လအတွင်း ဂျိုအမ်ဂမ်ပါဖလား ပွဲစဉ်မှာ ဘာစီလိုနာက ပြင်သစ်လီဂူးဝမ်းကလပ် မိုနာကိုနဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။
ဟန်စီဖလစ်ခ်ရဲ့အသင်းက ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံဆီ ထွက်ခွာရဖို့ရှိနေပြီး ဒီနောက်မှာတော့ ရိုးရာဂမ်ပါဖလားပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။ သတင်းတွေအရ မိုနာကိုဟာ သြဂုတ် ၁၂ ရက်ပွဲစဉ်အတွက် ပြိုင်ဘက်ဖြစ်လာဖို့ ရှိနေပြီး အတည်ပြုကြေညာသွားဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
မိုနာကိုက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံပီအက်စ်ဂျီရဲ့နောက်၊ အမှတ်ပေးဇယား ဒုတိယနေရာဖြင့် ရာသီသိမ်းကာ ၂၀၂၄-၂၀၂၅ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိထားပါတယ်။ မိုနာကိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်က ဟန်စီဖလစ်ခ်လက်အောက်ဘာစီလိုနာအတွက် အခုရာသီကြိုကာလအတွင်း နောက်ဆုံးပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ သူတို့တွေက လာလီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၇ ရက်၊ မက်စ်တဲလ်လားကွင်းမှာ ဗလန်စီယာနဲ့ ရင်ဆိုင်ကစားရပါမယ်။
ဘာစီလိုနာအတွက် ရာသီသစ်ပထမဆုံးအိမ်ကွင်းပွဲစဉ်ကတော့ နီကိုဝီလျံစ်ရဲ့ဘီလ်ဘာအိုအသင်းကို ဧည့်ခံကစားရမယ့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။