
လိုက်ပ်ဇစ်မှာ ဆက်နေဖို့ ဆုံးဖြတ်တဲ့ ဆက်စ်ကိုကြောင့် ထိုးနှက်ချက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အာဆင်နယ်
လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို,ကို ခေါ်ယူနိုင်ရေးကိစ္စမှာ ကနဦးအခြေအနေ ကောင်းမွန်ခဲ့ပြီးနောက် အာဆင်နယ်အတွက် အပြောင်းအရွှေ့ဆိုင်ရာ ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်သွားရပါတယ်။
အသက်-၂၁ နှစ်အရွယ် ဆလိုဗေးနီးယား တိုက်စစ်မှူးက ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဆင့်မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၂၃ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ဆက်စ်ကို,ကို ခေါ်ယူလိုတဲ့ ထိပ်တန်းကလပ်အသင်းတွေ အများအပြားရှိလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း လာမယ့်ရာသီသစ်မစတင်ခင် သူတို့ရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပါတယ်။ သူတို့အားလုံးက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၅ သန်းတန်ကြေးရှိတဲ့ ဆက်စ်ကို,ကို ခေါ်ယူနိုင်ဖို့ လိုလားနေကြသလို နယူးကာဆယ်ကလည်း အခြေအနေတွေကို စောင့်ကြည့်နေသူအဖြစ် ပါဝင်လာခဲ့ပါတယ်။
ဒါပေမယ့် ဆက်စ်ကိုရဲ့တန်ကြေးက လက်ရှိကာလဈေးကွက်ပေါက်ဈေးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဖောင်းပွလွန်းတယ်လို့ မယူဆနိုင်သလို ဆလိုဗေးနီးယားအတွက် ဂျာမနီမြေမှာ ခြေစွမ်းပြသနိုင်မယ်ဆိုရင်တောင် သူ့ကိုခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းကြေးထက် ပိုမပေးလိုကြပါဘူး။ ဒါက အာဆင်နယ်အတွက် သတင်းကောင်းလည်း ဖြစ်လာနိုင်ပါတယ်။
အင်္ဂလန်ကလပ်အသင်းတွေအနက် အာတီတာရဲ့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ စွမ်းဆောင်ရည်တည်ငြိမ်မှုတွေကြောင့် ဆက်စ်ကို,ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ အခြားကလပ်အသင်းတွေထက် အသာစီးရရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဆက်စ်ကိုက လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ရွေးချယ်သွားနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေပါတယ်။
အပြောင်းအရွှေ့ဂုရုကြီး ရိုမာနိုရဲ့အဆိုအရ ကစားသမားဟာ ဘယ်အသင်းဆီမှ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ သိရပြီး ဒါဟာ ဂန်းနားတွေရဲ့ မျှော်လင့်ချက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။
X လူမှုကွန်ရက်မှတဆင့် ရိုမာနိုက “လိုက်ပ်ဇစ်မှာပဲ ဆက်နေဖို့ ဆက်စ်ကို ဆုံးဖြတ်ပြီးပါပြီ။ လုပ်ခလစာတိုးမြှင့်ထားတဲ့ စာချုပ်သစ်ကိုလည်း လက်မှတ်ရေးထိုးသွားပါလိမ့်မယ်။ အရည်အသွေးရှိတိုက်စစ်မှူးအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးပါပြီ။ ဒေါ့မွန်မှာ ရှိနေစဉ်ကာလအတွင်း ဟာလန်းဆုံးဖြတ်ခဲ့တဲ့အရာတွေနဲ့ အလားတူပါပဲ။ ဆက်စ်ကိုက အနာဂတ်ကာလ၊ အသင်းမှ ထွက်ခွာဖို့အတွက် လူကြီးလူကောင်းဆန်ဆန် သဘောတူညီမှုတစ်ခုနဲ့အတူ လိုက်ပ်ဇစ်မှာပဲ ဆက်နေသွားပါလိမ့်မယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဆက်စ်ကိုက ၂၀၁၉ ခုနှစ်မှာ ဆလိုဗေးနီးယားပြည်တွင်းကလပ် Domzale မှ သြစတြီးယားကလပ် ဆဲလ်ဘတ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ သူက ဆဲလ်ဘတ်ရဲ့ ညီအစ်မကလပ်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်ဆီ ငါးနှစ်စာချုပ်ဖြင့် ရောက်ရှိလာပါတယ်။