ကလပ်အသင်းမှာရှိနေမယ့် သူ့ရဲ့အနာဂတ်အကြောင်း ဖွင့်ဟပြောပြလာတဲ့ ဂန်းနားကြယ်ပွင့်
အာဆင်နယ်တိုက်စစ်မှူးဂျီးဆပ်စ်က သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးချိန်နောက်ပိုင်းမှာလည်း ကလပ်အသင်းနဲ့အတူ ဆက်လက်တွဲချင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ၊ အက်စတွန်ဗီလာကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူခဲ့တဲ့ ဂျီးဆပ်စ်က လတ်တလောပြင်းထန်ဒူးဒဏ်ရာရရှိမှုအခြေအနေမှ ပြန်လာနိုင်ခဲ့ပါပြီ။
လာမယ့်ဘောလုံးရာသီကုန်ဆုံးချိန်၊ စာချုပ်သက်တမ်းပြည့်မြောက်ဖို့ရှိနေပေမယ့် ဒဏ်ရာပြဿနာတွေနဲ့အတူ ခက်ခဲတဲ့အခြေအနေကို ဖြတ်သန်းပြီးနောက် ကြံ့ခိုင်မှုပြည့်ဝနေစေရေး အာရုံစိုက်နေတယ်လို့ ဂျီးဆပ်စ်က ပြောပါတယ်။
ဂျီးဆပ်စ်က “ ကျွန်တော့်ရဲ့ဦးစားပေးပစ်မှတ်က ကြံ့ခိုင်မှုပြည့်ဝနေစေဖို့ပါပဲ။ အခုဆိုရင် အာဆင်နယ်ဆီ ကျွန်တော်ပြောင်းရွှေ့လာတာ လေးရာသီရှိပါပြီ။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်က တစ်ရာသီခွဲ၊ နှစ်ရာသီစာသာ ကစားနိုင်ပြီး ကျန်တဲ့အချိန်တွေကို ဒဏ်ရာတွေနဲ့အတူ ဖြတ်သန်းခဲ့ရပါတယ်။ ဒါမျိုး ကျွန်တော့်ဘဝမှာ တစ်ခါမှမဖြစ်ဖူးပေမယ့် ဒီမှာဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော်မသိသလို ကိုယ့်ကိုယ်ကိုယ်လည်း မေးခွန်းမထုတ်တော့ပါဘူး။
ကျွန်တော်လည်း ကြံ့ခိုင်မှုပြည့်ဝနေဖို့ ကြိုးစားနေတုန်းပါပဲ။ ကျွန်တော့်အတွက် ပထမဆုံးပစ်မှတ်က အခုမှစလို့ ရာသီကုန်အထိ ကြံ့ခိုင်မှုပြည့်ဝနေဖို့ ဖြစ်ပါတယ်။ ပြီးရင်တော့ အရင်လည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ ကျွန်တော့်ရဲ့ဆန္ဒက အာဆင်နယ်နဲ့အတူ ဆက်ရှိနေချင်တာပါ။ စာချုပ်သက်တမ်းလည်း ကျန်နေပါသေးတယ်။
စာချုပ်သက်တမ်းတိုးချင်တာပေါ့၊ ဆက်နေချင်တာပေါ့။ အာဆင်နယ်နဲ့အတူ ဆက်ရှိနေပြီး ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်သာ ဒီကလပ်အသင်းဆီ ရောက်ရှိလာတာပါ။
ဒါပေမဲ့ တခါတရံမှာ လက်တွေ့ဟာ စိတ်ကူးနဲ့ကွဲပြားခြားနားတယ်ဆိုတာ သိသာပါတယ်။ တခါတရံ တခြားနည်းလမ်းတစ်ခုဆီ သွားရမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ ကြံ့ခိုင်မှုပြည့်ဝနေစေဖို့အပြင် အာဆင်နယ်နဲ့အတူ ဆုဖလားတွေဆွတ်ခူးဖို့ကိုပဲ အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။