
ရောကရက်စ်အတွက် ပိုမိုကောင်းတဲ့ကမ်းလှမ်းမှု အသစ်ဖြင့် ကမ်းလှမ်းရန်ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်း
အာဆင်နယ်အသင်းဟာ အာရ်ဘီ လိုက်ပ်ဇစ်မှ ဘန်ဂျမင် ဆက်စ်ကိုအား ခေါ်ယူရန် ကြိုးပမ်းမှုတွင် အတားအဆီးများနှင့် ရင်ဆိုင်ရပြီးနောက် စပို့တင်းစီပီရဲ့ ဗစ်တာ ရောကရက်စ်အတွက် ၎င်းတို့၏ ကမ်းလှမ်းမှု ကို တိုးမြှင့်ရန် ပြင်ဆင်နေပြီဖြပါတယ်။
A Bola သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်မှ ဆက်စ်ကိုကို ခေါ်ယူနိုင်ရန် မျှော်လင့်ချက် မရှိတော့သည်နှင့်အမျှ ရောကရက်စ်အတွက် ၎င်းတို့ရဲ့ ကမ်းလှမ်းမှုကို မြှင့်တင်ရန် အသင့်ရှိနေပြီဖြစ်ပါတယ်။ ရောကရက်စ်ကလည်း စပို့တင်းအသင်းပိုင်ရှင် ဖရက်ဒရီကို ဗာရန်ဒါစ်က ကတိကဝတ်ကို လေးစားမှုမရှိပါက အသင်းအား သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သူ့ရဲ့အခြေအနေကို စပို့တင်းအသင်းသို့ ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့တာပါ။
ရောကရက်စ်ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းက ဆက်လက်ဖြစ်ပေါ်နေပြီး အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေး ကမ်းလှမ်းမှု ကို ယူရို ၅၅ သန်း (ပေါင် ၄၆ သန်း/ဒေါ်လာ ၆၃ သန်း) မှ စပို့တင်းအသင်းက မျှော်လင့်ထားတဲ့ ယူရို သန်း ၈၀ (ပေါင် ၆၈ သန်း/ဒေါ်လာ ၉၂ သန်း) နှင့် ပိုမိုနီးစပ်တဲ့ ပမာဏအထိ တိုးမြှင့်ရန် ဆန္ဒရှိနေပြီဖြစ်ပါတယ်။ ဂန်နာတို့ဟာ လိုက်ပ်ဇစ်မှ ဆက်စ်ကိုကို ခေါ်ယူရန် ကြိုးပမ်းနေခဲ့သော်လည်း ဂျာမန်ကလပ်ရဲ့ ဆားဘီးယားတိုက်စစ်မှူးအပေါ် သတ်မှတ်ထားတဲ့ တန်ဖိုးကြောင့် လန်ဒန်ကလပ်က စိတ်ပြောင်းသွားခဲ့ပါတယ်။ ရောကရက်စ်က ရာသီကြို လေ့ကျင့်ရေးအတွက် အယ်လ်ဗာလာဒီသို့ မလာရောက်တော့ကြောင်း ပြောကြားခဲ့ပြီးနောက် ဗာရန်ဒါစ်အပေါ် ဖိအားများ တိုးလာနေပါတယ်။
ဗာရန်ဒါစ်က သူ့အပေါ် ငွေညှစ်ခြိမ်းခြောက်မှုများ လုပ်၍မရကြောင်း၊ ထိုသို့သော နည်းလမ်းများက သူ့အတွက် အလုပ်အဖြစ်ကြောင်း တိုက်စစ်မှူးက ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်ပါတယ်။ စပို့တင်းဥက္ကဋ္ဌက ရောကရက်စ်အား ယူရို သန်း ၆၀ (ပေါင် ၅၁ သန်း/ဒေါ်လာ ၆၉ သန်း) ဖြင့် ရောင်းချရန် သဘောတူညီမှု လုံးဝမရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပြီး တိုက်စစ်မှူးရဲ့ အေးဂျင့်က အပြောင်းအရွှေ့ကို အတင်းအကျပ် ဖန်တီးရန်အတွက် ကစားနေခြင်းဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ရောကရက်စ်က ယခုစကားပြောရန် သင့်တော်တဲ့ အချိန်မဟုတ်သေးကြောင်း အင်စတာဂရမ် တွင် ပြောကြားထားတဲ့အတွက် သူ့ဘက်မှ အခြေအနေများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဥက္ကဋ္ဌနှင့် ကလပ်အသင်းအပေါ် ဖိအားများ တိုးလာသည်နှင့်အမျှ ပရိသတ်များက ထိုအပြောင်းအရွှေ့ဇာတ်လမ်း မည်သည့်ဘက်သို့ ဦးတည်သွားမည်ကို စိတ်ဝင်စားနေကြပါတယ်။