
ကွန်ဟာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အတည်ပြုချက်ကို စောင့်ဆိုင်းဖို့လိုအပ်နေသေးကြောင်း အာမိုရင်ပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပေမယ့် အတည်ပြုဖို့ကိုတော့ စောင့်ဆိုင်းဖို့လိုအပ်နေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘရာဇီးလက်ရွေးစင် ကွန်ဟာကို ပြောင်းရွှေ့ကြေး ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူဖို့ အလုံးစုံသဘောတူညီမှုရရှိထားပြီး မကြာမီမှာပဲ ဆေးစစ်မှုတွေပြုလုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ ယူနိုက်တက်ဟာ ကွန်ဟာကို ၅ နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်သွားမယ်လို့သိရပါတယ်။
ညံ့ဖျင်းတဲ့ရာသီတစ်ခုအပြီးမှာ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေခေါ်ယူပြီး နောက်ရာသီအတွက် အားဖြည့်ဖို့လိုအပ်နေပေမယ့် အာမိုရင်က ကွန်ဟာရဲ့အပြောင်းအရွှေ့ကို အတည်ပြုဖို့လိုအပ်နေသေးကြောင်း သတိပေးလာခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "ဒီအပြောင်းအရွှေ့ကို စောင့်ကြည့်ရပါဦးမယ်။ အတည်ပြုချက်မယူရသေးပါဘူး။ ကျွန်တော့်မှာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိပါဘူး။ ကျွန်တော်တို့ သိရမှာပါ။ ပြောင်းလဲမှုတွေရှိလာမှာတော့ သေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ပြီးဆုဖလားနဲ့ လွဲချော်ခဲ့တဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ တစ်ပါတည်းလွဲချော်ခဲ့သလို၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာလည်း ယူနိုက်တက်ဟာ အာဆီယံအောစတားတိုက်စစ်မှူး မောင်မောင်လွင်ရဲ့သွင်းဂိုးကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရပြန်ပါတယ်။
ယူနိုက်တက်ဟာ ကွန်ဟာကို ခေါ်ယူဖို့ သေချာသလောက်ဖြစ်နေသလို၊ အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ အသင်းမှထွက်ခွာသွားနိုင်ချေရှိတဲ့ ကစားသမားစာရင်းထဲမှာတော့ အလီဂျန်ဒရိုဂါနာချို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ရောက်ရှိနေပါတယ်။