
ထိပ်တန်းပစ်မှတ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတယ်လို့ သိရပါတယ်။ အာဆင်နယ် နဲ့ ယိုကရက်စ်တို့ကြား ဆွေးနွေးမှုတွေက အဆင်ပြေနေပြီး တိုးတက်မှုရှိနေတယ်လို့ သိရပါတယ်။ ကနဦးတုန်းက ဆက်စ်ကိုဘက်ကို မြှားဦးလှည့်ခဲ့ပေမယ့် အခုတော့ ဆွီဒင်သားဘက်ကို အပြည့်အဝအာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။
သတင်းထောက် ဆာချာကတော့ အာဆင်နယ်ဟာ ယိုကရက်စ်ကိုခေါ်ယူဖို့ နောက်ဆုံးအဆင့်နားရောက်နေပြီး ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။ စပို့တင်းနဲ့ညှိနှိုင်းမှုတွေက ငွေကြေးပိုင်းဆိုင်ရာအသေးစိတ်ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စပို့တင်းဘက်က ကိုင်တွယ်မှုတွေက သူ့ကိုသစ္စာဖောက်နေသလို ယိုကရက်စ်ဘက်က ခံစားနေရပါတယ်။ သတင်းတွေအရ ယိုကရက်စ်အနေနဲ့ အသင်းဘက်က သူ့ကိုတန်ကြေးတစ်ရပ်နဲ့ထွက်ခွာခွင့်ပေးရမယ်လို့ ယုံကြည်ခဲ့ကြောင်း ဆိုပါတယ်။ စပို့တင်းဥက္ကဌ ဗာရန်ဒက်စ်ကတော့ အသင်းဘက်က ယိုကရက်စ်ကိုရောင်းချမှာဖြစ်ပေမယ့် သင့်တင့်တဲ့တန်ကြေးရဖို့တော့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“စပို့တင်းဘက်က ယိုကရက်စ်ကိုရောင်းချဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဗစ်တာအပါအဝင် ကစားသမားတော်တော်များများရဲ့အိပ်မက်ကိုတော့ လေးစားပါတယ်။
ရက်သတ္တပတ်များစွာဆွေးနွေးပြီးနောက် ကျွန်တော်တို့ စာချုပ်ဖျက်သိမ်းကြေးတောင်းနေတာမဟုတ်ပဲ သင့်တင့်တဲ့တန်ကြေးတစ်ရပ်ပဲ တောင်းဆိုနေတာပါ။ ဒီနေ့မှာတော့ သူအသင်းကနေထွက်ခွာမှာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဈေးကွက်ထဲကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ မာတင်ဇူဘီမန်ဒီဆိုရင်တောင် ယူရို ၆၅ သန်းပေးချေခဲ့ရပါတယ်။ ကန်ဟာ ၊ အမ်ဘွီမိုတို့လည်း အတူတူပါပဲ။ ဗစ်တာက အရည်အချင်းရှိတဲ့ကစားသမားဖြစ်တာကြောင့် ကျွန်တော်တို့ ယူရို ၇၅ သန်းဝန်းကျင်လောက်ဆို ညှိနှိုင်းသွားမှာပါ။ ဗစ်တာကို ယူရိုသန်း ၆၀ + ယူရို ၁၀ သန်း နဲ့ ထွက်ခွာခွင့်ပေးမှာမဟုတ်ပါဘူး”လို့ ဗာရန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ယိုကရက်စ်ဟာ ဂိုးအများအပြားသွင်းယူနိုင်ခဲ့ပြီး လိဂ်ပွဲ ၃၃ ပွဲမှာ ၃၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့လတွေတုန်းက လိုက်ပ်ဇစ်စတား ဆက်စ်ကိုကို စိတ်ဝင်စားခဲ့ပေမယ့် အခုချိန်မှာတော့ စိတ်ဝင်စားခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ တကယ်လို့ ဆွေးနွေးမှုတွေအဆင်ပြေတယ်ဆိုရင် ယိုကရက်စ်က အာဆင်နယ်ကစားသမားသစ်ဖြစ်လာဖွယ်ရှိနေပါတယ်။ သူ့ရဲ့ကြံ့ခိုင်မှုအပိုင်း နဲ့ ဂိုးသွင်းစွမ်းရည်က အာဆင်နယ်လိုအပ်နေတဲ့တိုက်စစ်ပိုင်းအတွက် အများကြီးအကျိုးပြု နိုင်ဖွယ်ရှိနေပါတယ်။