လူငယ်ကစားသမားတွေရဲ့ခြေစွမ်းအပေါ် ကျေနပ်အားရနေတဲ့ အာဆင်နယ်နည်းပြ အာတီတာ
ဘုန်းမောက်နဲ့တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အသွင်သစ်လူစာရင်းပိုင်းကို ပွဲထုတ်ခဲ့ပြီးနောက် အာတီတာက စီနီယာကစားသမားတွေရဲ့ခြေစွမ်းအပြင် လူငယ်ကစားသမားတွေရဲ့ခြေစွမ်းကိုပါ ကျေနပ်အားရနေပါတယ်။
လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကစားတဲ့ခြေစမ်းပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဟေဗင်၊ ဝါနီရီ၊ ဆာလက်၊ လီဝစ်စကယ်လီတို့လို လူငယ်ကစားသမားလေးတွေ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ အလားတူ ရီကစ်၊ ဂိုဝါ၊ ဂျို့စ်နီကိုးစ်၊ ဆာဂိုဂျူနီယာတို့လည်း ဒုတိယပိုင်းပွဲချိန်တွေမှာ လူစားဝင်ကစားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အာတီတာက ပရီးမီးယားလိဂ်ပြိုင်ပွဲအတွေ့အကြုံပြည့်နှက်နေတဲ့ ဘုန်းမောက်နဲ့ရင်ဆိုင်ရချိန် ဒီလူငယ်ကစားသမားလေးတွေရဲ့ခြေစွမ်းကို ကျေနပ်အားရမိတယ်လို့ ပြောပါတယ်။
ပွဲစဉ်အပြီး အာတီတာက “ဒီနေ့မှာ ကျွန်တော်တို့အသင်းအတွက် အထူးအခြေအနေတစ်ရပ်ရှိခဲ့လို့ တကယ့်ကို ဝမ်းသာကျေနပ်မိပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ ကျွန်တော်တို့အသင်းဆီ ရောက်လာတဲ့ လူငယ်ကစားသမားလေးတွေ အများကြီးရှိပါတယ်။ အခုကာလမတိုင်ခင် ဒီကလေးတွေက စီနီယာအဆင့်ကစားသမားတွေနဲ့ တွဲဖက်ကစားဖူးခြင်း မရှိပါဘူး။ ကျွန်တော်တို့အသင်းက အမေရိကန်နိုင်ငံဆီ ကိုယ့်ထက်အရင်ဦးဆုံးရောက်ရှိနေတဲ့ အသင်းတစ်ခုနဲ့ ရင်ဆိုင်ကစားရချိန်မှာ အရမ်းအားကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်။ ဘုန်းမောက်က လူစာရင်းအင်အားအပြည့်နဲ့ ရှိနေတာပါ။ ဒါကြောင့် လူငယ်လေးတွေအတွက်ရော၊ စီနီယာကစားသမားတွေအတွက်ပါ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက တကယ့်ကိုအထင်ကြီးလောက်စရာပုံစံတစ်ခုနဲ့ အတူ အခန်းကဏ္ဍအသီးသီးကို ဖြည့်ဆည်းခဲ့လို့ ဖြစ်ပါတယ်”
“ပြီးခဲ့တဲ့စနေနေ့မှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်နဲ့တော့ ဒီနေ့ပြိုင်ဘက်က မတူညီပါဘူး။ ဒါက နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အချိတ်အဆက်မိမိကစားနိုင်ခဲ့ပါတယ်။ နည်းပြတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိတဲ့ ကလေးတွေရဲ့မျက်နှာကို မြင်တွေ့ရတာ ပျော်ရွှင်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကလေးတွေကလည်း အသင်းနဲ့ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာစွမ်းရည်တွေ ပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စီနီယာကစားသမားတွေကလည်း ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ကိုင်ကာ လူငယ်လေးတွေကို အားပေးရင်း ကျွန်တော်တို့လိုချင်တဲ့ စံပြပုံစံမျိုး ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဂန်းနားတွေက လာမယ်တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။