The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ခြေစွမ်းက အမှတ်ပေးဇယားရပ်တည်နေမှုထက် ပိုမိုကောင်းမွန်တယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

အခုသီတင်းပတ်ကုန်၊ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ကစားသမားအချို့ကို အနားပေးသွားဖွယ်ရှိတယ်ဆိုတဲ့ ဆွေးနွေးပြောဆိုမှုတွေအပေါ် လီဗာပူးနည်းပြအန်းစလော့က ခပ်ပြတ်ပြတ်တုံ့ပြန်သွားခဲ့ပါတယ်။လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအဖြစ် ကြိုးကြားနီတို့ရှိနေပြီး သရဲနီတွေကတော့ အဆင့်-၁၄ မှာ ရပ်တည်နေကာ တန်းဆင်းရမယ့်အန္တရာယ်အမှန်တကယ်ရှိနေတယ်လို့ နည်းပြအာမိုရင်ကိုယ်တိုင် အတိအလင်းဝန်ခံခဲ့ဖူးပါတယ်။

မည်သို့ပင်ဆိုစေကာမူ အခုသီတင်းပတ်ကုန်ပိုင်းမှာ သူ့ရဲ့အဓိကကစားသမားအချို့ကို အနားပေးသွားဖွယ် ရှိ၊မရှိ မေးမြန်းလာမှုကိုတော့ အန်းစလော့က ပြတ်ပြတ်သားသားတုံ့ပြန်ဖြေကြားသွားခဲ့ပါတယ်။ လီဗာပူးအသင်းက လာမယ့်သီတင်းပတ်အလယ်မှာ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ပ-ကျော့)အဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်သွားရဖို့ရှိပေမယ့် ဒတ်ချ်လူမျိုးနည်းပြကတော့ အခုပွဲစဉ်မှာ မိုဆာလက်(သို့) ဗန်ဒိုက်တို့လို အဓိကကစားသမားတွေကို အရန်ခုံပို့မယ့်အလားအလာတွေအပေါ် ပယ်ချသွားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “တော်တော်ထူးဆန်းတဲ့မေးခွန်းတစ်ခုပါ။ မရှိပါဘူး၊ ကျွန်တော့်မှာ အဲ့ဒီလိုအစီအစဉ်မျိုးမရှိပါဘူး။ ဒါက ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်ဆိုရင်တော့ ပထမဆုံးပွဲစဉ်မတိုင်ခင်ကတည်းက ဒီစကားကို တစ်ကြိမ်ထက်မနည်း ပြောခဲ့ပြီးပါပြီ။ သူတို့အသင်းမှာ အမှတ်ပေးဇယားရပ်တည်မှုပြသနေတာထက် ပိုကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ အာမိုရင်အတွက်တော့ အချိန်အနည်းငယ်ယူရတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ သေချာပေါက် အမှတ်ပေးဇယားထိပ်ပိုင်းဆီ ပြန်တက်လာဦးမှာပါ။ သူတို့တွေက အမှတ်ပေးဇယားရပ်တည်မှုထက် အများကြီးပိုကောင်းတဲ့ စွမ်းဆောင်ရည်ပိုင်းကို ပိုင်ဆိုင်ထားပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ပြိုင်ဘက်နည်းပြအာမိုရင်အပေါ် ကိုယ်ချင်းစာနာမှုကို ပြသမှုအဖြစ် အန်းစလော့က “ဒီအလုပ်က ဘယ်လောက်အထိခက်ခဲသလဲဆိုတာ ကျွန်တော်တို့ သိကြတာကြောင့် နည်းပြတိုင်းမှာ အချင်းချင်းကိုယ်ချင်းစာနာစိတ်အပြည့် ရှိပါတယ်။ ဒီအလုပ်မှာ ဖိအားတွေ အများကြီးရှိပါတယ်။အရမ်းကြိုက်နေလို့ ဒီအလုပ်ကို ခုံမင်နေတာပါ။ အာမိုရင်က စပို့တင်းလစ္စဘွန်းမှာလည်း အကောင်းဆုံးလုပ်ပြခဲ့ပြီးပါပြီ။ သူ့မှာ ကောင်းမွန်တဲ့လူစာရင်းတစ်ခုရှိခဲ့ပြီး ဒီကစားသမားတွေဆီမှ အကောင်းဆုံးခြေစွမ်းကိုလည်း ထုတ်ယူပြခဲ့ပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းက ယူနိုက်တက်ကို အနိုင်ယူကာ အမှတ်ပေးဇယားအနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို အမှတ်ထပ်ဖြတ်နိုင်ဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ သရဲနီတွေကတော့ တန်းဆင်းဇုန်နဲ့ အခုထက်ပိုမိုကွာဝေးသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။