
The network connection is lost.

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ ၎င်းရဲ့ချစ်သူ ဂါဘရီလာ ကာဗာလင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းရန် မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ၅ နာရီကြာ စစ်ဆေးမေးမြန်းမှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
အသက်-၂၃ နှစ်အရွယ်ကစားသမားကို ယမန့်နေ့ မွန်းလွဲ ၄ နာရီခန့်မှာ မန်ချက်စတာယူနိုက်တက် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက မန်ချက်စတာရဲတပ်ဖွဲ့ဌာနသို့ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရပါတယ်။ ည ၉ နာရီမှာတော့ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ရဲစခန်းမှ ပြန်လည် ထွက်ခွာလာသည်ကိုမြင်တွေ့ခဲ့ရတာကြောင့် The Sun ရဲ့အဆိုအရ တောင်ပံကစားသမားကို ၅ နာရီကြာ စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရှိရပါတယ်။
ရည်းစားဟောင်းဖြစ်သူ ဂါဘရီလာကာဗာလင်အပါအဝင် အခြားအမျိုးသမီး ၂ ဦးရဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ ယူနိုက်တက်က ကစားသမားကို အသင်းရဲ့လူစာရင်းမှ ယခုလအစောပိုင်းကတည်းက အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ကစားသမားကမူ ၎င်းအနေနဲ့ အမှားအယွင်းတစ်စုံတစ်ရာမပြုလုပ်ထားကြောင်း အခိုင်အမာပြောဆိုထားပြီး စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အဆိုပါစွပ်စွဲချက်တွေကြောင့် မကြာသေးမီကကျင်းပခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်များမတိုင်မီမှာ ဘရာဇီးလက်ရွေးစင်အသင်းက အန်တိုနီကို အသင်းလူစာရင်းမှ ထုတ်ပယ်ကြောင်းကြေညာခဲ့ပါတယ်။ လက်ရှိမှာ ကစားသမားဟာ စွပ်စွဲချက်တွေကို မဟုတ်မမှန်ကြောင်းသက်သေပြနိုင်ရန် ၎င်းရဲ့မိုဘိုင်းဖုန်းကိုလည်း ရဲတပ်ဖွဲ့ထံသို့ ပေးအပ်ပြီး စစ်ဆေးခွင့်ပြုသွားမှာဖြစ်ပါတယ်။
၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလမှာ အေဂျက်စ်မှ ယူနိုက်တက်သို့ ပေါင် ၈၅ သန်းနဲ့ ရောက်ရှိလာတဲ့ လူငယ်ကြယ်ပွင့်ဟာ သူမကို ခေါင်းနဲ့တိုက်ခဲ့တဲ့အပြင် ရင်သားတစ်ဖက်ကိုလည်း ထိခိုက်စေခဲ့တယ်လို့ ဂါဘရီလာ ကာဗာလင်က စွပ်စွဲထားတာဖြစ်ပါတယ်။ သူမက ကစားသမားဟာ သူမကို ၄ ကြိမ်တိုင်တိုင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်းစွပ်စွဲထားတဲ့အပြင် နောက်ထပ်အမျိုးသမီး ၂ ဦးဖြစ်တဲ့ ဥပဒေကျောင်းသူ ရေစာနဲ့ ဘဏ်လုပ်ငန်းရှင် လာနာတို့ကလည်း အလားတူ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ အန်တိုနီကို စွပ်စွဲထားတာဖြစ်ပါတယ်။
ယခုလအစောပိုင်းက သတင်းတွေအရတော့ ဥပဒေကျောင်းသူရေစာက သူမရဲ့စွပ်စွဲချက်တွေကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပြီလို့သိရှိရပါတယ်။ ယခုတစ်ပတ်အစောပိုင်းကထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ လေဆိပ်ကို ခရီးဆောင်အိတ် ၂ လုံးနဲ့ရောက်ရှိလာပြီး ခရီးထွက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ ယူနိုက်တက်ရဲ အသင်းလူစာရင်းမှ ဆိုင်းငံ့ခြင်းကိုခံထားရသော်လည်း အန်တိုနီဟာ ၎င်းရဲ့လစာကိုတော့ အပြည့်အဝရရှိနေတာဖြစ်ပါတယ်။
အန်တိုနီကတော့ စွပ်စွဲချက်များကို မဟုတ်မမှန်ကြောင်း ဘရာဇီးနိုင်ငံ အင်တာဗျူးတစ်ခုမှတစ်ဆင့် မျက်ရည်တွေနဲ့ ဖြေရှင်းခဲ့ပါသေးတယ်။ ၎င်းက “အမှန်တရားပေါ်ပေါက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။ “ ဒီလိုကျူးလွန်မှုတွေကို ကျွန်တော်အနေနဲ့ လုံးဝမထောက်ခံပါဘူး။ အဲဒါကမှားပါတယ်။ ၁၀၀ ရာခိုင်နှုန်းမှားပါတယ်။ ကျွန်တော့်မှာ အမေနဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ သူတို့ကိုလည်း ဒီလိုကိစ္စမျိုး ဘယ်တော့မှမကြုံစေချင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ရဲ့ အသင်းလူစာရင်းမှ ခေတ္တခဏထုတ်ပယ်ထားတဲ့အပေါ် အန်တိုနီက "ဒီစွပ်စွဲချက်တွေကို ဖြေရှင်းနေတဲ့ကာလမှာ မန်ချက်စတာယူနိုက်တက်ကနေ ခေတ္တပျက်ကွက်ခွင့်ပြုဖို့ သဘောတူထားပါတယ်။ ဒါက အသင်းဖော်တွေအကြား မလိုလားအပ်တဲ့ အငြင်းအခုန်တွေဖြစ်မလာစေဖို့ ဆုံးဖြတ်ခဲ့တဲ့ အပြန်အလှန်သဘောတူညီမှုမျိုးပါ။ စွပ်စွဲခံထားရတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ရဲ့ အပြစ်မရှိကြောင်း ထပ်လောင်း ပြောကြားလိုပြီး အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ ရဲတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။