ပေါင် ၅၅ သန်းတန် အာဆင်နယ် ပစ်မှတ်ကို နယူးကာဆယ်ထံ ပြောင်းလာဖို့ တိုက်တွန်းလိုက်တဲ့ အန်တိုနီဂေါ်ဒွန်
အသက် ၂၃ နှစ် ဂူဟီဟာ ပဲလေ့စ်နှင့်အတူ အထင်ကြီးစရာ ရာသီအပြီးမှာ အာဆင်နယ်နဲ့ ယူနိုက်တက် နှစ်သင်းစလုံးက ဗဟိုခံစစ်ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ ပဲလေ့စ်က ပေါင် ၅၅ သန်းနဲ့ တန်ကြေးရှိတဲ့ ဂူဟီကို ချိတ်ဆက်နေပြီး သူ့ရဲ့ အင်္ဂလန်အသင်းဖော် ဂေါ်ဒွန်က စိန့်ဂျိမ်းပါ့ခ်မှာ ဗဟိုခံစစ်ကစားသမားကို တွေ့ချင်တယ်လို့ ပြောကြားထားပါတယ်။
နယူးကာဆယ်ကိုပြောင်းဖို့ ဂူဟီရဲ့ ဆက်သွယ်မှုအပေါ် မေးမြန်းတဲ့အခါ ဂေါ်ဒွန်က "ကျွန်တော် နယူးကာဆယ်ရဲ့ ချိတ်ဆက်မှုတွေကို တကယ်မတွေ့ဖူးသေးပါဘူး။ ဒါပေမယ့် သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် သူသာရောက်လာမယ်ဆိုရင် ပိုကောင်းတဲ့အသင်းဖြစ်လာမှာပါ" လို့ talkSPORT သို့ ပြောပါတယ်။
တနင်္ဂနွေနေ့က ယူရို ၂၀၂၄ အုပ်စု C အဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်က ဆားဘီးယားအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂူဟီက ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဂေါ်ဒွန်ဟာ ပဲလေ့စ်နောက်ခံလူရဲ့ တည်ငြိမ်မှုကို သဘောကျခဲ့ပါတယ်။ "သူက ထိပ်တန်းပါပဲ။ သူဟာ အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ဒီလိုနေရာက သူ့ဆီရောက်လာတာကို ထိုက်ထိုက်တန်တန်မြင်ရတဲ့အတွက် ဝမ်းသာမိပါတယ်" "သူ့ရဲ့အရပ်အမြင့်ကို ဆားဘီးယားရှိ တိုက်စစ်မှူးတွေနဲ့ယှဉ်ပါက အဲဒီ့ပွဲမှာ သူက မယုံနိုင်လောက်အောင် အကောင်းဆုံးလုပ်ပြခဲ့တာပါ" "သူဟာ ခေါင်းတိုက်မှုတိုင်းကို အသာရခဲ့ပါတယ်။ အရမ်းစိတ်အားထက်သန်ပြီး ဘောလုံးကြားဖြတ်ယူရာမှာ ကောင်းမွန်ပါတယ်။ ဘောလုံးရယူရာမှာ စိတ်ဓာတ်ပိုင်းကလည်း တည်ငြိမ်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ယောက်လိုပါပဲ" "ဒါကြောင့် သူနဲ့ စတုန်းတို့ဟာ ပွဲကို ထိန်းချုပ်ဖို့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါပဲ"လို့ ဂေါ်ဒွန်က ပြောပါတယ်။