The network connection is lost.

Banner Image

လီဗာပူးအသင်းပရိသတ်တွေအတွက် ကတိစကားတစ်ခုပြောကြားပေးလာတဲ့ ဖရင်းပေါင်

လေဗာကူဆင်အသင်းမှ ပေါင် ၂၉ ဒဿမ ၅ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ဂျရမီးဖရင်းပေါင်က အသင်းအတွက် အစွမ်းရှိသမျှပေးဆပ်သွားမယ်လို့ လီဗာပူးပရိသတ်တွေဆီ ကတိပေးလိုက်ပါတယ်။ ကြိုးကြာနီတွေက အလားအလာကောင်းတွေနဲ့ပြည့်နှက်နေတဲ့ အသက်-၂၄ နှစ်အရွယ်တောင်ပံခံစစ်မှူးကို ငါးနှစ်သက်တမ်းရှိစာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားပေးထားတဲ့ ဖရင်းပေါင်က ရီးရဲလ်မက်ဒရစ်ဆီ ထွက်ခွာသွားပြီဖြစ်တဲ့ အာနိုးလ်ရဲ့နေရာမှာ အစားထိုးတာဝန်ယူပေးရပါလိမ့်မယ်။

သူက ဆဲလ်တစ်မှာလည်း ကစားခဲ့ဖူးပြီး လေဗာကူဆင်ကို ၂၀၂၄ ခုနှစ်မှာ လိဂ်ဖလားနဲ့ ပြည်တွင်းရှုံးထွက်ဖလားချန်ပီယံဖြစ်လာဖို့ ကူညီပေးခဲ့ပါတယ်။ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဖရင်းပေါင်က “ လီဗာပူးပရိသတ်များခင်ဗျာ၊ ကျွန်တော့်ရဲ့ခွန်အားတွေ၊ လုပ်အားနှုန်းတွေ အကုန်လုံးကို အသင်းအတွက် ပေးဆပ်သွားပါမယ်။ ကျွန်တော်တို့ အတူတကွ နိုင်ပွဲတွေရယူပြီး ပျော်ပျော်ရွှင်ရွှင်အောင်ပွဲခံသွားဖို့ကိုလည်း မျှော်လင့်မိပါတယ်။ ဒီအသင်းမှာရှိနေရလို့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်ကို လက်ခံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အပေါ် စိတ်မပျက်ကြစေဖို့ ကျွန်တော်မှာရှိသမျှအစွမ်းကုန်ပေးဆပ်သွားပါမယ်” လို့ ပြောပါတယ်။

လီဗာပူးအသင်းခံစစ်ညာခြမ်းနေရာမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် ကော်နာဘရက်ဒလေနဲ့တိုက်ပွဲဝင်ရတော့မယ့် ဖရင်းပေါင်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ပြောင်းရွှေ့ဖို့ နှစ်ခါပြန်စဉ်းစားစရာမလိုဘူးလို့ ဆိုပါတယ်။ ဒတ်ချ်ကစားသမားက “ လီဗာပူးရဲ့စိတ်ဝင်စားမှုရရှိထားတယ်လို့ ကြားလိုက်ရချိန်မှာပဲ ကျွန်တော့်အတွက် နှစ်ခါပြန်စဉ်းစားစရာ မလိုတော့ပါဘူး။ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ငါအသင်းပြောင်းမယ်လို့ တွေးနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့အေးဂျင့်ဆီလည်း ဒီအပြောင်းအရွှေ့ကို မဖြစ်,ဖြစ်အောင်လုပ်ဖို့ ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။

ကြိုးကြာနီတွေအတွက် ဖရင်းပေါင်ဝတ်ဆင်သွားမယ့် ကျောနံပါတ်ကို အခုနွေရာသီကာလနှောင်းပိုင်းမှာ တရားဝင်ထုတ်ပြန်သွားဖွယ်ရှိပါတယ်။  ဖရင်းပေါင်က “ နည်းပြနဲ့ အကြိမ်အနည်းငယ်လောက် စကားပြောဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ အကောင်းမြင်စိတ်အပြည့်ရှိပါတယ်။ သူကိုယ်တိုင်ကလည်း ကျွန်တော့်ကို ခွန်အားတွေ၊ အမြန်နှုန်းတွေ၊ အရည်အသွေးတွေ သယ်ဆောင်ပေးလာနိုင်မယ့်ကစားသမားလို့ ပြောပါတယ်။ အထူးသဖြင့် နည်းပြတစ်ဦးဆီမှ ကိုယ့်ရဲ့ကောင်းကြောင်းတွေ ကြားသိရချိန်မျိုးမှာ ကိုယ့်အပေါ်မှာ သူ့ရဲ့ယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့ ခံစားမှုမျိုး ရရှိလို့ အရမ်းကောင်းပါတယ်။ အန်းစလော့နဲ့ ကျွန်တော် စကားကောင်းကောင်းပြောဖြစ်ခဲ့ပါတယ်။ အန်းစလော့လက်အောက်မှာကစားခွင့်ရရှိလို့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ လက်ရွေးစင်အသင်းမှာ ဖီယင်နုကစားသမားတွေနဲ့ စကားပြောဖြစ်တိုင်း သူတို့တွေက ဒီလူဟာ တွေ့ဖူးသမျှနည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြလို့ ပြောပြပါတယ်။ ကျွန်တော်ကတော့ အန်းစလော့နဲ့ပတ်သက်ပြီး ကောင်းကြောင်းတွေကိုပဲ အမြဲတမ်းလိုလိုကြားသိခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူက ကျွန်တော့်ရဲ့နည်းပြဖြစ်သွားပါပြီ။ ဒီအတွက် စိတ်လှုပ်ရှားမိပါတယ်”လို့ ရှင်းပြပါတယ်။