ရီးရဲလ်မက်ဒရစ်တိုက်စစ်ပိုင်းမှာ အမ်ဘာပေ အံဝင်ခွင်ကျဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာကစားသမား များပြားနေပေမယ့် အခုနွေရာသီ ခေါ်ယူမှုဖြစ်တဲ့ အမ်ဘာပေအနေဖြင့် အသင်းလူစာရင်းမှာ အံဝင်ခွင်ကျဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
တပည့်ဟောင်း မီခေးလ်ပူးပေါင်းတင်ဆက်တဲ့ Obi One Podcast အစီအစဉ်မှာ အမ်ဘာပေကို အသင်းတိုက်စစ်ပိုင်းအတွက် ဘယ်လိုအသုံးပြုသွားမလဲဆိုတဲ့မေးခွန်းက ရောက်ရှိလာခဲ့ပါတယ်။ အီတာလျံနည်းပြကြီးက ဒီကိစ္စအတွက် သူ မစဉ်းစားရသေးပေမယ့် ပြင်သစ်ကြယ်ပွင့်ကို အသုံးပြုနိုင်တဲ့ပုံစံ အများကြီးရှိတယ်လို့ ရှင်းပြလိုက်ပါတယ်။
အန်ဆယ်လော့တီက “ အရိုးသားဆုံးပြောရရင် ဒီကိစ္စအတွက် ဘာမှမစဉ်းစားရသေးပါဘူး။ အသင်းမှာ အမ်ဘာပေအံဝင်လာဖို့ဆိုတာ ပြဿနာတစ်ရပ်တော့ မဟုတ်ပါဘူး။ အသင်းနဲ့ လိုက်လျောညီထွေမှုရှိအောင် ကြိုးစားပါမယ်ဆိုတဲ့ အမ်ဘာပေရဲ့ပြောစကားကို အမှတ်တရရှိနေဖို့ကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။ အဓိကကတော့ အသင်းရဲ့လုပ်ငန်းဆောင်တာတိုင်းမှာ ကစားသမားတစ်ဦးချင်းစီက သူတို့ရဲ့အရည်အသွေးတွေ၊ အရည်အချင်းတွေ ပါဝင်ပံ့ပိုးပေးသွားဖို့ပါပဲ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ အန်ဆယ်လော့တီရဲ့တိုက်စစ်ပိုင်းမှာ ဘယ်လင်ဟမ်၊ ဗင်နီးစီးယက်စ်နဲ့ ရိုဒရီဂိုတို့ကို ပုံမှန်အသုံးပြုရင်း ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “တခါတရံ ကိုယ်တိုင်က ဘယ်ခြမ်းမှာပါဝင်ကစားပေးရသလို တခါတရံ တိုက်စစ်မြှားဦးမှာလည်း ကစားနိုင်ရပါမယ်”လို့ ဆိုပါတယ်။
မျှော်လင့်ရသလောက် ရီးရဲလ်မက်ဒရစ်က ၄-၃-၃ ကစားကွက်နဲ့အတူ အမ်ဘာပေကို ရိုဒရီဂို၊ ဗင်နီးစီးယက်စ်တို့နဲ့အတူ တိုက်စစ်ပိုင်းမှာ အသုံးပြုသွားပါလိမ့်မယ်။ နည်းပြအနေဖြင့်လည်း အမ်ဘာပေကို သီးခြားကာလတစ်ခုမှာ အခြားအသင်းဖော်နှစ်ဦးနဲ့ နေရာပြောင်းလဲကစားသွားစေနိုင်ပါတယ်။
အန်ဆယ်လော့တီက “အမ်ဘာပေ တိုက်စစ်မြှားဦးမှာ ကစားတာကို ကျွန်တော် မြင်တွေ့ခဲ့ဖူးပါတယ်။ တိုက်စစ်ဆင်ပုံတွေက တောင်ပံဘက်ဆီ ယိုင်လွန်းပါတယ်။ ဘောလုံးကွင်းက ၆၈ မီတာ ကျယ်ပါတယ်။ ကျွန်တော်တို့ကလည်း ဒီ ၆၈ မီတာအကျယ်အဝန်းမှာ ကစားသမားအားလုံးကို အံဝင်သွားအောင် ထည့်သွင်းသွားဖို့ လိုအပ်ပါတယ်”လို့ အရွှမ်းဖောက်ပါတယ်။
ဆက်လက်ပြီး အီတာလျံဝါရင့်နည်းပြကြီးက “ဗင်နီစီးယက်စ်လို ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ဘောလုံးရာသီ သူ့ကို ဘယ်နေရာမှာ အသုံးပြုခဲ့သလဲဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ ဗင်နီစီးယက်စ်ကိုယ်တိုင်က ဘယ်ခြမ်းတောင်ပံကစားသမားတစ်ဦးလိုမျိုး မကစားချင်ခဲ့ပါဘူး။ တိုက်စစ်ပိုင်းအတွက် အရေးအကြီးဆုံးအရာကတော့ ကစားသမားတွေရဲ့စုဖွဲ့ပုံ ကောင်းမွန်နေဖို့ပါပဲ”လို့ ရှင်းပြပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက ပြီးခဲ့တဲ့လအတွင်း ပီအက်စ်ဂျီမှ အမ်ဘာပေ ရောက်ရှိလာပြီးနောက် ကစားသမားနဲ့ နည်းပြအကြား ပထမဆုံးအကြိမ်စကားလက်ဆုံကျခဲ့မှုအကြောင်း ဖော်ထုတ်လာပါတယ်။
“သူ့ကို ကျွန်တော် နှစ်ချက်တော့ ပြောခဲ့ပါတယ်။ ပထမအချက်ကတော့ နွေးနွေးထွေးထွေးကြိုဆိုတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသင်းပရိသတ်တွေရဲ့ ကြိုဆိုမှုပုံစံတွေက ထူးခြားဆန်းပြားလို့ပါပဲ။ ဒုတိယအချက်ကတော့ အားလပ်ရက်ယူပြီး အနားယူသွားဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ဘောလုံးရာသီက ကစားသမားတွေ အတွက် အလွန်ရှည်လျားလွန်းခဲ့လို့ ဖြစ်ပါတယ်”လို့ အန်ဆယ်လော့တီက ဆိုပါတယ်။