The network connection is lost.

Banner Image

တိုက်ကြီးများဖလားရယူပြီးနောက် ရီးရဲလ်မက်ဒရစ်သမိုင်းတလျှောက်အအောင်မြင်ဆုံးနည်းပြဖြစ်လာတဲ့ အန်ဆယ်လော့တီ

ဒီနေ့မနက်ပိုင်း၊ တိုက်ကြီးများဖလားဗိုလ်လုပွဲမှာ မက္ကဆီကိုကလပ်ပါချူကာကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် စံချိန်တင်အောင်မြင်မှုတစ်ခု ရယူနိုင်ခဲ့တဲ့ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒိုဟာမြေအောင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် အမ်ဘာပေ၊ ရိုဒရီဂိုနဲ့ ဗင်နီးစီးယက်စ်တို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ အခုဆုဖလားအောင်မြင်မှုက အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်နည်းပြသက်တမ်းတလျှောက် ၁၅ ကြိမ်မြောက် ဆုဖလားအောင်မြင်မှု ဖြစ်လာခဲ့ပြီး မီဂွယ်လ်မူနော့ခ်(၁၄ ကြိမ်)ကို ကျော်ဖြတ်ကာ အသင်းသမိုင်းတလျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေက အဖွင့်ဂိုးရရှိဖို့ ပွဲချိန် ၃၇ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပွဲစဉ်ကို ထိန်းချုပ်ကာ အရေးပါတဲ့နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ အန်ဆယ်လော့တီက “ကျွန်တော်တို့အသင်းက အခုလိုပုံစံမျိုးနဲ့စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ အကောင်းမွန်ဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ အရင်ပွဲစဉ်တွေမှာ ကျွန်တော်တို့ အရည်အသွေးပိုင်း ပိုကောင်းခဲ့ပေမယ့် စိတ်ဓါတ်ပိုင်း လိုအပ်ချက်ရှိခဲ့ပါတယ်။

ဒီနောက်မှာ ကျွန်တော်တို့ အခုဗိုလ်လုပွဲဆီ ရောက်ရှိလာခဲ့ပါတယ်။ ကုန်ကုန်ပြောရရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း အခုပွဲစဉ်၊ အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ကြိုက်ပါတယ်။ ရှေ့ပိုင်းပွဲစဉ်တွေနဲ့ မတူညီတော့ပါဘူး။ ဆုဖလားတွေလည်း အများကြီးရရှိထားပါပြီ။ ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်။ ဒါက အောင်မြင်မှုတစ်ခုပါ”လို့ ပြောပါတယ်။

အလားတူ ဗယ်လ်ဗာဒီကလည်း စံချိန်တင်ဆုဖလားအောင်မြင်မှုရရှိခဲ့တဲ့ အန်ဆယ်လော့တီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ကွင်းလယ်ကစားသမားက “အခုလိုအောင်မြင်မှုတွေနဲ့ အန်ဆယ်လော့တီ ထိုက်တန်ပါတယ်။ သူက ဆုဖလားတိုင်းကို အနိုင်ရရှိခဲ့တာပါ။ ကျွန်တော်တို့ကိုလည်း အမြဲတမ်းကူညီပေးပါတယ်။

ခရီးရှည်တစ်ခုထွက်ခွာသွားပြီး ပွဲစဉ်တစ်ခုကစားရဖို့ဆိုတာ ခက်ခဲမယ်လို့ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ပွဲစဉ်တွေ အများကြီးကစားခဲ့ရပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ခြိမ်းခြောက်မှုကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်”လို့ ပြောပါတယ်။