
နည်းပြလုပ်ချင်တဲ့အသင်းကို ထုတ်ဖော်ပြောကြားလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက သူ့အနေနဲ့ နိုင်ငံအသင်းကိုပယ်ချပြီး လီဗာပူးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ၂၀၁၅ ရော်ဂျာထွက်ခွာမှုနဲ့အတူ အန်ဆယ်လော့တီဟာ လီဗာပူးအသင်းနည်းပြနေရာအတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဖီးလ်ကလပ်က ကလော့ပ်ကိုသာ ခေါ်ယူခဲ့ပြီး အန်ဆယ်လော့တီက ဂွါဒီယိုလာမရှိတော့တဲ့ ဘိုင်ယန်နဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ၂၀၁၉ တုန်းကလည်း လီဗာပူးအသင်းကိုနည်းပြခွင့်မရခဲ့ပဲ အဲဗာတန်ကိုသာ နည်းပြခွင့်ရခဲ့ပါတယ်။သတင်းထောက် ဆီရိုနီနဲ့အင်တာဗျူးမှာ အန်ဆယ်လော့တီက သူ့အနေနဲ့ လီဗာပူးအသင်းကိုနည်းပြလုပ်ချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အိပ်မက်က လီဗာပူးအသင်းကိုနည်းပြချင်တာပါ။ ဒါပေမယ့် ကျွန်တော်အဲဗာတန်မှာ ကိုယ့်ကိုကိုယ်ရှာတွေ့ခဲ့ပြီး အတွေ့အကြုံရခဲ့ပါတယ်။ အခုတော့ ကျွန်တော် အဲဗာတန်ပရိသတ်ဖြစ်နေပါပြီ။ ကျွန်တော် အဲဗာတန်ပတ်ဝန်းကျင်ကို ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အရောင်တွေက စိတ်ခွန်အားဖြစ်စေပါတယ်။ ပြိုင်ဘက်လီဗာပူးပရိသတ်တွေကိုလည်း ထိခိုက်စေပါတယ်။ ကျွန်တောာ် အီတလီအသင်းကို ပယ်ချခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မကြိုက်တာကြောင့်ပါ။ ကျွန်တော် လေ့ကျင့်ခန်းအတွက် နေ့တိုင်းပြင်ဆင်ရတာကို ကြိုက်ပါတယ်။ နိုင်ငံအသင်းမှာက အဲ့လိုမရှိပါဘူး။ အဲ့တာက စိတ်ခွန်အားကို ပျောက်ဆုံးစေပါတယ်။ ဒီအကြောင်းပြချက်ကြောင့်ပါ”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
အန်ဆယ်လော့တီ နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေအတွက် ရှာဖွေဖွယ်ရှိနေပါတယ်။ လက်ရှိရီးရဲလ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဘာစီလိုနာနဲ့ ၄ မှတ်ကွာဟနေပါတယ်။ မနက်ဖြန်မှာ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲအဖြစ် အာဆင်နယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အန်ဆယ်လော့တီ နဲ့ ရီးရဲလ်တို့ကြား အနာဂတ်က နွေရာသီမှာ အပြီးသတ်နိုင်ချေလည်းရှိနေတာဖြစ်ပါတယ်။