The network connection is lost.

Banner Image

ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ဆိုတဲ့ အာမိုရင်

စနေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ခါးသီးပြိုင်ဘက် ချဲလ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းနည်းပြ ရူဘင်အာမိုရင်ကတော့ ကစားသမားတွေရဲ့ ယှဉ်ပြိုင်လိုစိတ်တဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၈ ပွဲအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။သို့သော်လည်း အာမိုရင်ကတော့ ရလဒ်အရ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ချဲလ်ဆီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နောက်ခံလူ မာ့ခ်ကူကူရယ်လာက ပွဲကစားချိန် ၇၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အသင်းရဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆံးအကြိမ်အဖြစ် အမှတ်ပေးဖလားပြိုင်ပွဲမှာ ရှုံးပွဲအများဆုံးရာသီဖြစ်ခဲ့ပြီး အဆိုးဝါးဆုံး အဆင့်ရပ်တည်ချက်ကိုလည်း ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ နည်းပြအာမိုရင်အတွက် ယခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၂ ကြိမ်မြောက် ၃ ပွဲဆက်ရှုံးနိမ့်မှုဖြစ်လာခဲ့ပါတယ်။
 
သို့သော်လည်း ယူရိုပါလိဂ်ဖလားကိုသာ အာရုံရောက်နေတဲ့ အာမိုရင်က “ကျွန်တော်တို့ ဒီပွဲကို ခြေစွမ်းကောင်းနဲ့စတင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ဂိုးဧရိယာထဲမှာတော့ ကျွန်တော်တို့ ဒီထက်ပိုပြီး ရုန်းကန်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဒီပွဲကို မှန်ကန်တဲ့နည်းလမ်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ” “ဂိုးမရခဲ့တာကတော့ ကံမကောင်းလို့ပါပဲ။ တစ်ချက်တစ်ချက်မှာ ကျွန်တော်တို့ ဂိုးရဖို့အတွက် တိုက်စစ်ဆင်ခဲ့ပေမယ့် အာရုံစူးစိုက်မှုပျောက်ဆုံးခဲ့လို့ ဘောလုံးဆုံးရှုံးတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ခဲ့ကြလို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့မှား နားချိန် ၅ ရက် ရသွားမှာဖြစ်ပြီး ဗိုလ်လုပွဲမတိုင်ခင် ၂ ရက်အလိုကတည်းက ပြင်ဆင်မှုတွေ စလုပ်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။