
ယူနိုက်တက်ရဲ့ ၉၉ ခုနှစ် ဖလားသုံးလုံးရခဲ့မှု ဗီဒီယိုကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားရယူခဲ့ကြောင်း အာမိုရင် ဖွင့်ဟလာ
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် အသင်းရဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းကနေ စိတ်ဓာတ်ခွန်အား ယူခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နာမည်ကြီး ၁၉၉၉ ခုနှစ် ဖလားသုံးလုံး ရရှိခဲ့တဲ့ မှတ်တမ်းရုပ်ရှင် (documentary) ကို အာမိုရင်က ကြည့်ရှုခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိမှုမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယနေ့နံနက် လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အချိန်ပိုအတွင်း ၄-၂ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီး အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အံ့အားသင့်ဖွယ် ကောင်းလောက်တဲ့ ကြံ့ကြံ့ခံစိတ်ကို ပြသရင်း ယူနိုက်တက်ဟာ ပွဲပြီးခါနီး နောက်ဆုံး ၆ မိနစ်အတွင်း သုံးဂိုးသွင်းယူပြီး ၅-၄ ဂိုးနဲ့ အနိုင်ရလဒ်ကို ရယူကာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "ဒီလို အခြေအနေမျိုးတွေအတွက် စိတ်ဓာတ်ခွန်အား ရဖို့ ၉၉ ခုနှစ် မှတ်တမ်းရုပ်ရှင်ကို ကြည့်နေခဲ့ပါတယ်" လို့ TNT Sports ကို ပြောကြားခဲ့ပါတယ်။ အာမိုရင်က Amazon Prime ရဲ့ '99' လို့ အမည်ရတဲ့ မှတ်တမ်းရုပ်ရှင်ကို ရည်ညွှန်းခဲ့ပြီး ဒီမှတ်တမ်းရုပ်ရှင်ဟာ ဆာအဲလက်စ်ဖာဂူဆန် လက်အောက်မှာ ဖလားသုံးလုံး ရရှိခဲ့တဲ့ရာသီကို မှတ်တမ်းတင်ထားတာဖြစ်ကာ အချိန်ပိုအတွင်း နှစ်ဂိုးသွင်းယူပြီး ဘိုင်ယန်မြူးနစ်အသင်းကို ၂-၁ ဂိုးနဲ့ ဒရာမာတစ်ဆန်ဆန် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲနဲ့ အထူးထင်ရှားခဲ့ပါတယ်။
လိုင်ယွန်နဲ့ပွဲမှာ ပြန်လာနိုင်ခဲ့မှုဟာ နာမည်ကြီးခဲ့တဲ့ အဲ့ဒီညရဲ့ စိတ်ဓာတ်ကို ထင်ဟပ်တယ်လို့ အာမိုရင်က ခံစားရကြောင်း ပြောကြားပါတယ်။ အာမိုရင်က "ဒါဟာ ကြီးမြတ်တဲ့ ညတစ်ညပါ၊ အသင်းလည်း ပင်ပန်းနေပြီ၊ လူတစ်ယောက်ပိုကစားရက်နဲ့ ၄-၂ ဂိုးဖြစ်နေပြီ၊ ပြီးပြီလို့ ထင်မိပေမယ့် ဒီမှာက ဘယ်တော့မှ မပြီးဆုံးပါဘူး။ ဒီမှာ အရာအားလုံး ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ခံစားရပါတယ်။ ၄-၃ ဖြစ်သွားတဲ့အချိန်၊ ဘရူနို ဖာနန်ဒက်စ် ပင်နယ်တီ သွင်းပြီးတဲ့နောက် ကျွန်တော်တို့ ပွဲကို ပြောင်းလဲပစ်နိုင်တယ်လို့ ခံစားခဲ့ရပါတယ်" လို့ ဆိုခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက စိတ်လှုပ်ရှားဖွယ် ဒီအနိုင်ရရှိမှုဟာ သူ့ရဲ့ မန်ယူကို ကိုင်တွယ်တဲ့ ပထမငါးလအတွင်း ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအတွက် ထိုက်တန်တယ်လို့ ဝန်ခံခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "ဒါကြောင့်ပဲ ကျွန်တော်တို့ ဒီအားကစားကို အရမ်းကြိုက်တာလို့ ထင်ပါတယ်။ ဒီလိုရာသီမျိုးမှာ နည်းပြတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ စိတ်ပျက်စရာတွေ၊ မကောင်းတဲ့ အခိုက်အတန့်တွေအားလုံးဟာ ဒီလိုအခိုက်အတန့်မျိုး ရတဲ့အခါ ထိုက်တန်သွားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ နောက်ပွဲမတိုင်မီ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို အမြန်ဆုံး အကဲဖြတ်ဖို့ လိုမယ်လို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။