မြင်ဖူးသမျှထဲမှာ အကောင်းဆုံးနည်းပြတစ်ဦးလို့ ဒီဇာဘီကို မက်အယ်လစ္စတာ ချီးကျူး
လီဗာပူးအသင်းကွင်းလယ်လူ မက်အယ်လစ္စတာက ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီဟာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။
အာဂျင်တိုင်းသားဟာ ဒီဇာဘီလက်အောက်မှာ တိုးတက်လာခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။
အဲ့နောက် ၂၀၂၃ တုန်းက လီဗာပူးအသင်းထံ ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ကာ ကလော့ပ်လက်အောက်မှာကစားခဲ့ရပြီး အခု စလော့တ်လက်အောက်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။
နိုင်ငံအသင်းမှာတော့ စကာလိုနီနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် မက်အယ်လစ္စတာ က ဒီဇာဘီကိုသာ ရွေးချယ်ခဲ့ပါတယ်။
“သူ(ဒီဇာဘီ)က တကယ့်ရူးချင်စရာကောင်းတဲ့နည်းပြပါ။ သူက အီတလီသားပါ။ ကျွန်တော်လက်တွဲဖူးသမျှထဲမှာ အကောင်းဆုံးနည်းပြတစ်ဦးလို့ ဆိုနိုင်ပါတယ်။
ဘောလုံးနဲ့ပတ်သက်ပြီး သူပေးတဲ့စိတ်အားထက်သန်မှု နဲ့ နည်းစနစ်ပိုင်းက တကယ့်အံ့ဖွယ်ပါ။ သူက ခင်ဗျားကို ခံစားချက်ကောင်းစေပါတယ်။ ကျွန်တော် သူနဲ့စတွေ့တဲ့ပထမနေ့ကတည်းက သူက တကယ့်အံံ့ဖွယ်ပါ။
ဒါကြောင့် ကျွန်တော်က အကောင်းဆုံးနည်းပြလို့ပြောတာပါ”လို့ အလစ္စတာက ပြောကြားခဲ့ပါတယ်။ မက်အယ်လစ္စတာဟာ ၂၀၂၀ ဇူလိုင်တုန်းက ပေါ်လာလက်အောက်မှာ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
အဲ့အချိန်တုန်းက ဘိုကာဂျူနီယာအသင်းထံကနေ အငှားလာကစားနေတာဖြစ်ပြီး ၂၀၁၉ မှာ ဘရိုက်တန်အသင်းထံအပြီးသတ်ပြောင်းရွှေ့လာခဲ့ပါတယ်။
ဘရိုက်တန်ဟာ ၂၀၂၁ - ၂၂ ရာသီတုန်းက ကစားဟန်ကြောင့် ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေရဲ့ချီးကျူးမှုကို စတင်ခံခဲ့ရပြီး အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ယူနိုက်တက် ၊ တော့တင်ဟမ် နဲ့ အာဆင်နယ်တို့ကိုအနိုင်ရရှိခဲ့ပါတယ်။
အဲ့နောက် ပေါ်တာကို ချဲလ်ဆီးအသင်းက ခေါ်ယူခဲ့ပြီး ဘရိုက်တန်ကလည်း ဒီဇာဘီကို ပြန်လည်အစားထိုးခဲ့ပါတယ်။
ဒီဇာဘီရောက်လာချိန်မှာလည်း အသင်းကပိုတိုးတက်လာခဲ့ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နိုငခဲ့ကာ ဥရောပဝင်ခွင့်ရရှိခဲ့သလို အလစ္စတာ ၊ ကိုင်စီဒို ၊ ရောဘတ်ဆန်းချက်ဇ်စတဲ့ကစားသမားတွေပေါ်ထွက်လာခဲ့ပါတယ်။
၂၀၂၃ မှာ အဆိုပါကစားသမား ၃ ဦးရောင်းချမှုကနေ ဘရိုက်တန်က အမြတ်အစွန်းတွေရရှိခဲ့ပါတယ်။ မက်အယ်လစ္စတာက လီဗာပူးကိုမပြောင်းခင် ကလော့ပ်ဆီကနေ ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
“လီဗာပူးကိုမပြောင်းခင် ကျွန်တော် ကလော့ပ်နဲ့စကားပြောဖြစ်ပါတယ်။ အဲ့ကတည်းက ကျွန်တော်တို့ကောင်းမွန်တဲ့အရာတွေလုပ်နိုင်ခဲ့သလို သူနဲ့လည်း အချိန်ကောင်းတွေရှိခဲ့ပါတယ်။
သူက ကွင်းလယ်ကိုအပြောင်းအလဲလုပ်ချင်ပြီး အဲ့ထဲမှာ ကျွန်တော့်ကိုလိုအပ်ကြောင်း ပြောခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဂန်ဒိုဂန်လိုကစားသမားမျိုးနဲ့ နှိုင်းခဲ့ပါတယ်။ ပြီးတော့ လီဗာပူးအသင်းရဲ့အရေးပါတဲ့သူဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
အဲ့ပြောဆိုမှုတွေက ကျွန်တော် ဒီကိုပြောင်းလာဖို့ လုံလောက်ခဲ့ပါတယ်။ ၆ လအတွင်းမှာ ကျွန်တော်တို့ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပါတယ်။ ကျွန်တော် ဆုဖလားရနိုင်မယ့်အသင်းထံသွားချင်ခဲ့တာပါ။
ပြီးတော့ ကျွန်တော့်အတွက် အရေးပါတယ်လို့ ခံစားရတဲ့အသင်းထံပြောင်းချင်ခဲ့တာပါ”လို့ မက်အယ်လစ္စတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ စလော့တ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြည်တွင်းကော ဥရောပမှာပါ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။