The network connection is lost.

Banner Image

လူကြီးလူကောင်းဆန်ဆန်သဘောတူညီမှုကို လိုက်နာဖို့ တောင်းဆိုခဲ့တဲ့ အီဆက်

အာဆင်နယ် နဲ့ လီဗာပူးအသင်းတို့က ချိတ်ဆက်နေချိန်မှာပဲ နယူးကာဆယ်တိုက်စစ်မှူး အီဆက်က တကယ်လို့ ဒီရာသီမှာ သတ်မှတ်ထားတဲ့အောင်မြင်မှုမရခဲ့ရင်လူကြီးလူကောင်းဆန်ဆန်သဘောတူညီမှုကို လိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဒီရာသီမှာစွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၃၀ ပွဲမှာ ၂၁ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

အဆိုပါစွမ်းဆောင်ရည်တွေကြောင့် ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ သူ့အနာဂတ်က သတင်းတွေထွက်နေပေမယ့် နယူးကာဆယ်ဘက်က အသင်းမှာပဲ ဆက်ထိန်းထားချင်နေပါတယ်။ တကယ်လို့ ရောင်းချခဲ့ရမယ်ဆိုရင်တောင် နယူးကာဆယ်အနေနဲ့ ပေါင်သန်း ၁၅၀ လောက်ရမှသာ လက်လွှတ်ဖွယ်ရှိနေပါတယ်။ အီဆက် နဲ့ နယူးကာဆယ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိကျန်ရှိနေပါတယ်။ 

လီဗာပူးတိုက်စစ်မှူးဟောင်း ဟက်စကီးကတော့ နယူးကာဆယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှသာ အီဆက်ကို ဆက်ထိန်းထားနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်းဒါးလန်းစတာဟောင်း ဘိုလိုကတော့ အီဆက်အနေနဲ့ နယူးကာဆယ်မှာဆက်ရှိနေဖို့ ချန်ပီယံလိဂ်ဝင်ခွင့်မလိုအပ်ဘူးလို့ ယူဆနေပါတယ်။ “အဲ့တာက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အီဆက်ကို ကျွန်တော်တို့ သိပါတယ်။ သူစပိန်မြေကနေလာခဲ့တာပါ။ စပိန်မြေမှာ သူချန်ပီယံလိဂ်ကစားခဲ့ရလား။ 

ဒါကြောင့် အဲ့တာက သူတကယ်လိုအပ်တဲ့အရာလို့ ကျွန်တော်မထင်ပါဘူး။ သူစွမ်းဆောင်ရည်ကောင်းတွေတော့ ပြသနေပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၉ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နယူးကဆယ်ပရိသတ်တွေကတော့ သူ့ကိုချစ်ကြမှာ သေချာပါတယ်။ ဒါကြောင့် သူ့ကိုဆက်ထိန်းဖို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မလိုလောက်ပါဘူး။ ဥရောပမြေမှာဆက်ရှိနေသမျှ သူ့အတွက် အဆင်ပြေပါတယ်။

ဒါပေမယ့် သူ့စွမ်းဆောင်ရည်တွေအရ အသင်းကြီးတွေက မျက်စိကျမှာသေချာပါတယ်။ အသင်းကြီးတွေကို ပြောင်းချင်တယ်ဆိုရင် ခင်ဗျားအနေနဲ့ ပိုပြီးသက်သေပြဖို့ လိုအပ်ပါတယ်။ အီဆက်က ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ သူက ဘယ်ခြေနဲ့ကော ညာခြေနဲ့ပါ ဂိုးတွေသွင်းနိုင်ပါတယ်။ သူ့အနေနဲ့ နေရာလွတ်သာ သေချာလေးရမယ်ဆိုရင် ဂိုးတွေအများကြီးရနိုင်ပါတယ်။

တကယ်လို့ သူ့အနေနဲ့ နေရာလွတ်မရနိုင်တဲ့အသင်းမျိုးပြောင်းမယ်ဆိုရင်တော့ သူ့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ အီဆက်က ပရီးမီးယားလိဂ်က ဘယ်အသင်းမှာမဆို အံဝင်နိုင်ပါတယ်”လို့ ဘိုလိုက ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်သားဟာ လာမယ့်ဗုဒ္ဓဟူးနေ့ လီဗာပူးအသင်းနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။