The network connection is lost.

Banner Image

ရော်နယ်ဒိုနဲ့ တူညီခြင်းမရှိကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုက သူ့ဟာ သူ့ရဲ့စံပြကစားသမားအဖြစ် သတ်မှတ်ထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တူညီခြင်းမရှိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပြီး လာမယ့်နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့မရှိကြောင်း အသိပေးခဲ့ပါတယ်။ 

ဂါနာချိုနဲ့ ရော်နယ်ဒိုတို့ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ အတူတူတွဲဖက်ကစားခဲ့ဖူးကြပြီး အာဂျင်တီးနားသားဟာ ရော်နယ်ဒိုကို အတော်လေးအထင်ကြီးလေးစားတဲ့ ကစားသမားဖြစ်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ သို့သော်လည်း ယခုတစ်ပတ်အတွင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂါနာချိုက သူဟာ ရော်နယ်ဒိုနဲ့ တူညီမှုမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

မကြာသေးမီရာသီအချို့မှာ ဂါနာချိုဟာ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့အတူ ယူနိုက်တက်အတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံလာရပေမယ့် ဒီရာသီမှာတော့ ရုန်းကန်နေရပြီး ပုံမှန်နေရာရဖို့ပင် ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရပါတယ်။ သို့သော်လည်း အသက်-၂၀ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးခဲ့တာကြောင့် ဒီရာသီမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၂၄ ကြိမ်အထိရှိခဲ့ပြီဖြစ်ပါတယ်။

ယခုအခါမှာ အာဂျင်တီးနားလက်ရွေးစင်က "ကျွန်တော်က ကိန်းဂဏန်းတွေအပေါ်မှာ အာရုံမထားပါဘူး။ ခရစ္စတီယာနို ဒီမှာကစားခဲ့တုန်းက သူက ကျွန်တော်နဲ့မတူတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ မတူညီတဲ့ ကစားဟန်တွေလည်းရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ကစားသမားဘဝအနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲမေးမြန်းခဲ့ရာ ဂါနာချိုက "ဘောလုံးသမားတစ်ယောက်အတွက်တော့ အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလထွက်လာတာမျိုးတွေ ရှိမှာပါပဲ။ ဒါပေမယ့် ကျွန်တော်ဒီမှာ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ဒီမှာကစားရတာလည်း ကျွန်တော်ပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းထားပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ဖို့လည်း သေချာသလောက်ဖြစ်နေတာကြောင့် ဂါနာချိုတစ်ယောက် အသင်းနဲ့အတူ ကစားသမားဘဝ ပထမဆုံးအကြိမ် ဥရောပဖလားကို ဆွတ်ခူးနိုင်ဖို့ အလားအလာရှိနေပါတယ်။ လာမယ့် သောကြာနေ့နံနက်မှာတော့ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။