ယူနိုက်တက်ကို လိဂ်ချန်ပီယံဖြစ်လာစေဖို့အတွက် သတ်မှတ်ပေးထားတဲ့ အချိန်ကာလအပိုင်းအခြား မရှိဘူးလို့ မိုက်ကယ်ကာရစ် ပြောကြား
လာမယ့်နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဖလားရယူဖို့ မန်ချက်စတာယူနိုက်တက်အမှုဆောင်အရာရှိချုပ် အိုမာဘာရာဒါ ပစ်မှတ်ထားနေပေမဲ့ အသင်းကို ချန်ပီယံဖြစ်လာစေရေးရည်မှန်းချက်အလို့ငှာ သူ့အတွက် သတ်မှတ်ပေးထားတဲ့ အချိန်ကာလအပိုင်းအခြား မရှိဘူးလို့ နည်းပြမိုက်ကယ်ကာရစ်က ပြောကြားလိုက်ပါတယ်။
ကာရစ်က ယူနိုက်တက်ကို အမြန်ဆုံး ထိပ်ဆုံးနေရာဆီ ပြန်လည်ပို့ဆောင်ပေးချင်တယ်လို့ အလေးအနက် ပြောဆိုခဲ့ပေမဲ့ သူ့ရဲ့အသင်းက ရာသီသစ်ပွဲစဉ် ၆ အပြီးမှာတင် အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၁၂ မှတ်အထိ ကွာနေပါတယ်။
ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်နောက်ဆုံးအောင်မြင်မှုက ကာရစ်ကိုယ်တိုင် ပါဝင်ကစားခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့နောက်ဆုံးဘောလုံးရာသီဖြစ်တဲ့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ၁၃ နှစ်တာကာလအတွင်း နည်းပြခုနစ်ဦးအထိ ပြောင်းလဲခဲ့ပေမဲ့ ချန်ပီယံဆုကို စဉ်ဆက်မပြတ်စိန်ခေါ်နိုင်ဖို့ အစွမ်းအစ မရှိလာတော့ပါဘူး။
ဘာရာဒါက အသင်းတည်ထောင်မှုနှစ်၁၅၀ ပြည့်မြောက်မယ့် ၂၀၂၈ ခုနှစ်မှာ အမှတ်ပေးချန်ပီယံဆုရယူဖို့ ရည်မှန်းထားတဲ့ ယူနိုက်တက်ရဲ့ "Project 150" စီမံကိန်းအတွင်း ပါဝင်ခဲ့ပြီး အဲဒီလို ဖြစ်လာဖို့လည်း မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ဇွန်လမှာ ထပ်မံပြောကြားခဲ့ပါတယ်။
ကာရစ်ကတော့ "ဒီဘောလုံးကလပ်အသင်းမှာ ရှိနေသရွေ့ ပန်းတိုင်ဆိုတာ အမြဲတမ်းအနိုင်ရရှိဖို့ပဲ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အမြင်အရတော့ အဲဒီအတွက် သတ်မှတ်ထားတဲ့ အချိန်ကာလအပိုင်းအခြား မရှိပါဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံးပဲ ဖြစ်ရပါမယ်။ အဲဒီနေရာကိုရောက်ဖို့အတွက် ကျွန်တော်တို့ အဆင့်ဆင့်လျှောက်လှမ်းနေရဆဲဆိုတာကိုလည်း နားလည်ထားကြတယ်လို့ ထင်ပါတယ်"
"ကျွန်တော်တို့အတွက် ပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ဆိုတာ အလွန်ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ၊ ဒါ သေချာပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေတဲ့ အရာတစ်ခုဖြစ်ပြီး အဲဒီအရာအတွက် ဆက်လက်တွန်းအားပေး လုပ်ဆောင်သွားရပါလိမ့်မယ်"
"ကျွန်တော်တို့ မရောက်ရှိတာ ကြာမြင့်နေပြီဖြစ်တဲ့ နေရာတစ်ခုဆီ ပြန်လည်ရောက်ရှိဖို့ တည်ဆောက်နေကြတာပါ။ ဒါကို ကျွန်တော် သိထားပြီး ထိပ်ဆုံးကိုရောက်ဖို့ တစ်ခါတလေ နည်းလမ်းအမျိုးမျိုး၊ လမ်းကြောင်းအသွယ်သွယ်ကို ဖြတ်သန်းရလေ့ရှိပါတယ်" လို့ ပြောပါတယ်။
ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံအဖွင့်ကိုးပွဲမှာ နှစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပေမဲ့ ကာရစ်ကတော့ အခုလို ရုန်းကန်ရမှုနဲ့ စိန်ခေါ်မှုတွေကို သဘောကျနှစ်သက်နေတယ်လို့ ဆိုပါတယ်။
"ဒါက ကျွန်တော်ရရှိနိုင်တဲ့ အကောင်းဆုံးအလုပ်ပါပဲ။ ဒီရာထူးမှာ ရှိနေရတယ်ဆိုတာ တကယ့်ကို အခွင့်ထူးတစ်ရပ်ဖြစ်သလို စစ်မှန်တဲ့ တာဝန်ယူမှုတစ်ခုလို့လည်း ခံစားရပါတယ်။ ဒါ့အပြင် ဒီမှာ အပြောင်းအလဲတစ်ခု ဖန်တီးပြီး အောင်မြင်မှုတွေ ရယူချင်တဲ့ တွန်းအားလည်း အတူတူ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် သဘောကျပါတယ်။ အခက်အခဲ ရုန်းကန်ရမှုတွေ ကြုံတွေ့ရပြီး အဲဒီမှတဆင့် ရုန်းထွက်နိုင်မယ့် နည်းလမ်းကို ရှာဖွေရတဲ့ အခြေအနေမျိုးကို ကျွန်တော် နှစ်သက်ပါတယ်" လို့ သူက ဆိုပါတယ်။
ယူနိုက်တက်က တနင်္ဂနွေနေ့မှာ ခါးသီးတဲ့ပြိုင်ဘက်လိဒ်စ်ယူနိုက်တက်ရဲ့ကွင်းဆီ သွားရောက်ရင်ဆိုင်ရဖို့ရှိနေပြီး အီလန်ရုဒ်ကွင်းရဲ့ ပြင်းထန်တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒန်နီရယ်ဖာကီရဲ့အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၃၁ ပွဲအနက် ခြောက်ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ဒါပေမဲ့ ကာရစ်ကတော့ ခြေစွမ်းပိုင်းကျဆင်းနေတဲ့ သူ့ရဲ့အသင်းအတွက် အဆိုးရွားဆုံးရင်ဆိုင်ရမယ့်ပွဲစဉ်ဆိုတဲ့ အယူအဆကို ပယ်ချခဲ့ပါတယ်။
သူက "အခုအချိန်မှာ ကျွန်တော့်အတွက် အလိုအပ်ဆုံးမဟုတ်တဲ့ ပွဲစဉ်တစ်ခုဆိုတာကိုတော့ ပယ်ချလိုပါတယ်။ ဒီပွဲစဉ်ကို ကျွန်တော် တကယ်ကို မျှော်လင့်စောင့်စားနေပါတယ်။ ဒီကလပ်ကို ရှေ့ဆက်တွန်းတင်ပေးချင်တဲ့ စိတ်ဆန္ဒက ကျွန်တော့်အတွက် ဘယ်အရာထက်မဆို ပိုကြီးမားနေပါတယ်။ အပျက်သဘောဆောင်တာတွေကို ရှာချင်တယ် သို့မဟုတ် ခံစားချင်တယ်ဆိုရင် ဒါတွေက အမြဲတမ်းရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါတွေကို လိုက်မရှာသလို မခံစားချင်ပါဘူး"
"ကျွန်တော် လက်တွေ့အခြေအနေကို နားလည်ပါတယ်။ စကားတွေ ထပ်နေတယ်လို့ ခံစားရတဲ့အထိ ကျွန်တော် အလုံအလောက် ပြောခဲ့ပြီးပါပြီ။ လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့ အနေအထားကို လက်ခံတယ်ဆိုပေမဲ့ စိတ်ပျက်အားလျှော့နေတာမျိုးတော့ မရှိပါဘူး။ ဒီနေရာနဲ့ ဒီဘောလုံးကလပ်အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် အရာတွေ၊ ပွဲတွေ အနိုင်ရဖို့ ဘာတွေလိုအပ်မလဲဆိုတဲ့အရာတွေ အပေါ်မှာပဲ ကျွန်တော် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကစားသမားတွေကို ကျွန်တော်တို့ စွမ်းဆောင်နိုင်တဲ့အတိုင်း ကစားနိုင်စေဖို့ပဲ ဖြစ်ပြီး အဲဒီအခြေအနေနဲ့ သိပ်မဝေးတော့ဘူးလို့လည်း ကျွန်တော်တို့ ယူဆထားပါတယ်" လို့ ပြောပါတယ်။