The network connection is lost.

Banner Image

၂၀၂၇ ခုနှစ်မှာ နောက်တစ်ကြိမ်ရွေးကောက်ခံဖို့ ရွေးကောက်ပွဲဝင်သွားမယ်လို့ အတည်ပြုလိုက်တဲ့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ စီဖာရင်

ယူအီးအက်ဖ်အေဥက္ကဋ္ဌစီဖာရင်က ဥရောပဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းဝင် ၅၅ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်တွေဆီ လာမယ့်နှစ်မှာ သူ့ရဲ့နောက်ဆုံးဥက္ကဋ္ဌသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီကြေညာချက်နဲ့အတူ နောက်တစ်ကြိမ်ရွေးကောက်ပွဲမဝင်တော့ဘူးဆိုတဲ့ ဆလိုဗေးနီးယားနိုင်ငံသားရဲ့ အစောပိုင်းဆုံးဖြတ်ချက်လည်း ပြန်လည်ပြောင်းလဲလာပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ တညီတညွတ်တည်းထောက်ခံမှုကို ရရှိလာပြီးနောက် အခုလိုဆုံးဖြတ်ချက်ပြောင်းလဲမှု ထွက်ပေါ်လာခဲ့တယ်လို့ ယူအီးအက်ဖ်အေရဲ့ကြေညာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ဖီဖာအကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် အားကစားဆိုင်ရာခုံသမာဓိတရားရုံး(CAS)ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ရာထူးမှနုတ်ထွက်သွားတဲ့ ပလာတီနီရဲ့နေရာကို အစားထိုးဖို့အတွက် အသက် ၅၈ နှစ်အရွယ်စီဖာရင်က ၂၀၁၆ ခုနှစ်မှာ ပထမဆုံးရွေးချယ်ခံခဲ့ရပါတယ်။

လာမယ့်ဧပြီလ၊ ကာဇက်စတန်နိုင်ငံမှာ ကျင်းပမယ့် ယူအီးအက်ဖ်အေညီလာခံမှာ စီဖာရင်က သူ့ရဲ့ နောက်ဆုံးလေးနှစ်တာဥက္ကဋ္ဌသက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားပါလိမ့်မယ်။

ဘာလင်မြို့မှာပြုလုပ်တဲ့ ကြာသပတေးနေ့အစည်းအဝေးအပြီး စီဖာရင်က "ယုံကြည်ပေးကြတဲ့ အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့အတွက် မကြုံစဖူး ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းအဖွဲ့တစ်ခုအဖြစ် ဒီအခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပါတယ်"

"ရှေ့ဆက်ပြီးလုပ်ဆောင်ရမယ့် အရေးကြီးလုပ်ငန်းတွေ ရှိနေသေးတာကြောင့် သူတို့ရဲ့ တောင်းဆိုမှုကို ကျွန်တော် လက်ခံခဲ့ပါတယ်။"

"ကျွန်တော့်ရဲ့ရည်မှန်းချက်က အရင်အတိုင်း မပြောင်းလဲပါဘူး။ ဥရောပဘောလုံးလောကကို စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းထားဖို့၊ ကျွန်တော်တို့ရဲ့အားကစားကို ပိုမို အင်အားတောင့်တင်းလာစေဖို့နဲ့ နောက်မျိုးဆက်အတွက် ယူအီးအက်ဖ်အေကို အသင့်ဖြစ်နေအောင် ပြင်ဆင်ထားပေးဖို့ပါပဲ" လို့ သူက ဆိုပါတယ်။

UEFA ရဲ့ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့လတွေအတွင်း အဖွဲ့ဝင် ၅၅ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်တွေက ရွေးကောက်ပွဲပြန်မဝင်ဘူးဆိုတဲ့ စီဖာရင်ရဲ့အစောပိုင်းဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးဖို့ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်တဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ ဦးဆောင်မှုအပေါ် ကန့်ကွက်မှုတွေကို ဦးဆောင်နေတဲ့ ယူအီးအက်ဖ်အေက "အစည်းအဝေးမှာ ဖီဖာရဲ့ အနာဂတ် စီမံအုပ်ချုပ်မှုနဲ့ ခေါင်းဆောင်မှုအပိုင်းကိုလည်း အဓိကဆွေးနွေးခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

သူတို့ရဲ့အဆိုပြုချက်တွေအနက် တစ်ခုကတော့ ဖီဖာဥက္ကဋ္ဌဆိုတာ စီမံခန့်ခွဲသူမဟုတ်ဘဲ ဦးဆောင်လမ်းပြသူသာ ဖြစ်သင့်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။