ဖလော်ရီယန်ဝစ်ဇ်ရဲ့အနာဂတ်အတွက် ရပ်တည်ချက် အပြောင်းအလဲမရှိသေးတဲ့ လီဗာပူး
အန်ဖီးလ်မြေမှာ တစ်နှစ်ခွဲကြာ ရုန်းကန်နေရတဲ့ ကြယ်ပွင့်ကစားသမား ဖလော်ရီယန်ဝစ်ဇ်အတွက် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် ကမ်းလှမ်းမှုတွေကို လီဗာပူးအသင်း လက်ခံစဉ်းစားပေးဖို့ မရှိပါဘူး။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီ၊ လေဗာကူဆင်မှ ပေါင်သန်းရာချီတန် သဘောတူညီမှုဖြင့် လီဗာပူဆီ ရောက်ရှိလာပေမဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းကို အခုအချိန်အထိ မပြသနိုင်သေးပါဘူး။ ဒါကြောင့် ကစားသမားကို ဘွန်ဒက်စ်လီဂါဆီ ပြန်လည်ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် စဉ်းစားနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။
ဂျာမနီလက်ရွေးစင်ကစားသမားက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲကစားထားရာ ခုနစ်ဂိုးသာ သွင်းယူနိုင်ပြီး ယုံကြည်မှုပိုင်း သိသိသာသာကျဆင်းနေပုံ ရပါတယ်။
ဂျာမန်သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး လီဗာပူးရဲ့လမ်းဖွင့်ပေးမှုသာ ရရှိမယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်ကို ဂျာမနီဆီ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ဖလော်ရီယန်ဝစ်ဇ်နဲ့ လီဗာပူးတို့က ကစားသမားရဲ့အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာစေဖို့အတွက် အတူတကွလက်တွဲကြိုးပမ်းသွားရန် သန္နိဋ္ဌာန်ချထားပြီး ဒီအလုပ်ကို နည်းပြအီရာအိုလာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်နေကြပါတယ်။
ဖလော်ရီယန်ဝစ်ဇ်ရဲ့ကိုယ်စားလှယ်တွေကလည်း ကစားသမားရဲ့လက်ရှိဆန္ဒမှာ လီဗာပူးနဲ့ ဆက်လက်ပူးပေါင်းထားဖို့သာ ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်ဆီ အသိပေးထားပါတယ်။