The network connection is lost.

Banner Image

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မှတ်ချက်တွေနဲ့ပတ်သက်လို့ အိုင်ယာလန်နည်းပြကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တဲ့ အစ္စရေးဘောလုံးအဖွဲ့ချုပ်

အခုနိုင်ငံတကာသီတင်းပတ်၊ နေးရှင်းလိဂ်ပွဲစဉ်ယှဉ်ပြိုင်မှုမတိုင်ခင် အိုင်ယာလန်နည်းပြဟောဂရင်းဆန်ရဲ့မှတ်ချက်တွေအပေါ် ဟန်ဆောင်မှုနှင့် မိုက်မဲမှုသာ ဖြစ်တယ်လို့ အစ္စရေးဘောလုံးအဖွဲ့ချုပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဟန်ဂေရီနိုင်ငံမှာကစားမယ့် တနင်္ဂနွေနေ့၊ နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို သပိတ်မှောက်ဖို့ အိုင်ယာလန်အသင်းဆီ တိုက်တွန်းမှုတွေ အရှိန်မြှင့်တင်လာပြီး ယမန်နေ့ညပိုင်း၊ ဒဗ္ဗလင်မြို့ရှိ အသင်းတည်းခိုရာ ဟိုတယ်ရှေ့မှာလည်း လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ လက်ရွေးစင်အသင်းလူစာရင်းကြေညာချိန် ဟောဂရင်းဆန်က အသင်းအများအစုအတွက် အစ္စရေးနဲ့ယှဉ်ပြိုင်ကစားရလို့ စိတ်မသက်မသာ ဖြစ်နေကြတယ်လို့ ဝန်ခံခဲ့ပြီး "ကျွန်တော်တို့က လူမျိုးတုံးသတ်ဖြတ်မှုနဲ့အတူ ကစားနေတာမဟုတ်ပါဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ပြီး ကစားနေတာပါ" ဟု ထည့်သွင်းပြောကြားခဲ့သည်။
 
ဒီလိုမှတ်ချက်ပြုမှုနဲ့ပတ်သက်လို့ အစ္စရေးဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့ညပိုင်း၊ ဆိုရှယ်မီဒီယာပေါ်မှာ ဒေါသတကြီး ပြန်လည်တုံ့ပြန်ပါတယ်။

အစ္စရေးဘောလုံးအဖွဲ့ချုပ်က "ကျွန်တော်တို့က ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုအတွက် နယ်ပယ်ပေါင်းစုံမှာ မရေမတွက်နိုင်အောင် အကျိုးပြုခဲ့ပြီး နိုဘယ်လ်ဆုတွေလည်း အများကြီး ဆွတ်ခူးရရှိခဲ့ပါတယ်။
 
ကံမကောင်းစွာနဲ့ဘဲ အိုင်ယာလန်အသင်းနည်းပြရဲ့ မိုက်မဲမှု၊ အသိပညာကင်းမဲ့မှုနဲ့ ဟန်ဆောင်မှုတွေအတွက် ဖြေရှင်းပေးနိုင်မယ့် ဆေးဝါးကိုတော့ မဖန်တီးရသေးပါဘူး။ ကျွန်တော်တို့က အသိပညာကင်းမဲ့မှု၊ ဟန်ဆောင်မှု၊ မိုက်မဲမှုတွေနဲ့အတူ ယှဉ်တွဲကစားနေခြင်း မရှိဘဲ ဒီလိုအချက်တွေကို ကိုယ်စားပြုနေတဲ့ နည်းပြဆိုသူကိုသာ ဆန့်ကျင်နေတာပါ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
 
Irish Sport for Palestine အဖွဲ့မှ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာလည်း အိုင်ယာလန်အားကစားသမား ၁၆၀ ဦးကျော် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဒီပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်စေဖို့ ဆုံးဖြတ်ခဲ့တဲ့ အတိတ်ကာလဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးဖို့ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဆီ တိုက်တွန်းထားကြပါတယ်။

ဒီပေးစာမှာ "ဒါ အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ပြီး ဒီအခိုက်အတန့်မှာ မှန်ကန်တဲ့အရာကို လုပ်ဆောင်ဖို့ ခင်ဗျားတို့ဆီမှာ အခွင့်အရေးရှိပါတယ်။ ဒီပွဲစဉ်ကို မကစားဘဲနေတယ်ဆိုတာ ခင်ဗျားတို့လုပ်နိုင်မယ့် အားကစားစိတ်ဓါတ်အပြည့်၀ဆုံးလုပ်ရပ် ဖြစ်လာပါလိမ့်မယ်" လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်က ဒေဘရီဆန်မြို့မှာကစားမယ့် တနင်္ဂနွေနေ့ပွဲစဉ်အပြင် အောက်တိုဘာ ၄ ရက်၊ ဆာဘီးယားနိုင်ငံမှာ ကျင်းပမယ့် အိမ်ကွင်းပွဲစဉ်တို့ကိုလည်း  မလွှဲမရှောင်သာ ဆက်လက်ကျင်းပသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပွဲစဉ်တွေအတွက် အိုင်ယာလန်ပရိသတ်တွေဆီ လက်မှတ်ရောင်းချပေးသွားဖို့ အစီအစဉ် မရှိပါဘူး။
 
ဒါ့အပြင် မဲခွဲပွဲမှာ အစ္စရေးနဲ့ သီခြားစီခွဲထားပေးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်ဆီ တောင်းဆိုခဲ့ပေမဲ့ ပြတ်ပြတ်သားသားငြင်းဆန်မှုကိုသာ ရရှိခဲ့ပြီး ရေရှည်တည်တံ့မှုအပေါ် ကြီးကြီးမားမားထိခိုက်စေမယ့် ကိစ္စတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ပွဲစဉ်တွေကို ဆက်လက်ကစားစေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 
အိုင်ယာလန်လက်ရွေးစင်ကစားသမားဟောင်း ကီဗင်ကီလ်ဘိန်းကလည်း " အိုင်ယာလန်က အစ္စရေးနဲ့ ယှဉ်ပြိုင်ကစားဖို့ မသင့်တော်ပါဘူး။ ဒဗ္ဗလင်မှာရော၊ ဟန်ဂေရီမှာပါ မကစားသင့်သလို ဆာဘီးယားမှာကျင်းပမယ့် အိမ်ကွင်းပွဲစဉ်ကိုလည်း လုံး၀မကစားသင့်ပါဘူး။ အထူးသဖြင့် အစ္စရေးတပ်ဖွဲ့ဝင်တွေ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေချိန် ဒီလိုပါဝင်ယှဉ်ပြိုင်ကစားဖို့ဆိုတာ မဖြစ်သင့်ပါဘူး။

ကျွန်တော်တို့ အိုင်ယာလန်လူမျိုးတွေက နောက်ဆက်တွဲအကျိုးဆက်တွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်။ လက်ရွေးစင်ဟောင်းတစ်ဦးအတွက် ဘောလုံးအဖွဲ့ချုပ်ဘက်ကသာ သပိတ်မှောက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ထောက်ခံမှုကို အပြည့်အ၀ရရှိသွားပါလိမ့်မယ်" လို့ Irish Times သတင်းစာမှာ ရေးသားခဲ့ပါတယ်။
 
တနင်္လာနေ့ညနေပိုင်း၊ ဒဗ္ဗလင်မြို့ရှိ အိုင်ယာလန်အသင်းတည်းခိုရာ ဟိုတယ်အပြင်ဘက်မှာလည်း လူစုလူဝေးတစ်ခု ပေါ်ပေါက်ခဲ့ပြီး အစ္စရေးနဲ့ယှဉ်ပြိုင်ကစားမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ဆီ တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။