The network connection is lost.

Banner Image

ကမ္ဘာ့ထိပ်တန်းစူပါကြယ်ပွင့်အဆင့်အထိ တက်လှမ်းသွားဖို့ ဆိုဘိုဆလိုင်းကို တိုက်တွန်းလိုက်တဲ့ လီဗာပူးဂန္တဝင်

လီဗာပူးကြယ်ပွင့်ဆိုဘိုဆလိုင်းက အခုဘောလုံးရာသီ၊ နည်းပြအန်ဒိုနီအီရာအိုလာအတွက် အဓိကအရေးပါတဲ့ ကစာသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။

မိုဆာလက်နဲ့ ရော်ဘတ်ဆန်တို့ ထွက်ခွာသွားတဲ့ နွေရာသီကာလအပြီး ဟန်ဂေရီလက်ရွေးစင်ကစားသမားက အသင်းခေါင်းဆောင်ဗန်ဒိုက်ဦးဆောင်တဲ့ ကပ္ပတိန်အစုအဖွဲ့ဆီ တိုးဝင်ရောက်ရှိလာပါတယ်။

အီရာအိုလာကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ နယူးကာဆယ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျစေဖို့ အဖိုးတန်နောက်ဆုံးမိနစ်ပယ်နယ်တီကို သွင်းယူပေးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားအပေါ် အတော်လေးမှီခိုအားထားနေရပါတယ်။

လိုက်ပ်ဇစ်ကြယ်ပွင့်ဟောင်းက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ကစားသမားဘ၀သက်တမ်းတလျှောက် အကောင်းဆုံးစံချိန်အဖြစ် ပြိုင်ပွဲစုံ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးဂန္တဝင်မက်မနာမန်ကတော့ အခုအချိန်မှာ ဆိုဘိုဆလိုင်းကိုယ်တိုင် နောက်ထပ်အဆင့်အတန်းတစ်ခုဆီ တက်လှမ်းသွားရတော့မယ်လို့ ယုံကြည်နေပါတယ်။

မက်မနာမန်က " လက်ရှိအသင်းမှာ ဆိုဘိုဆလိုင်းက နေရာကောင်းတစ်ခုရရှိအောင် စွမ်းဆောင်နေတဲ့ နောက်ထပ်ကစားသမားတစ်ဦး ဖြစ်ပါတယ်"လို့ ပြောပါတယ်။

"အလီဆင်က ဒီနေရာမှာ ဆယ်စုနှစ်တစ်ခုကြာ ရှိနေခဲ့ပြီး စူပါစတားတစ်ဦးဖြစ်သလို ဗန်ဒိုက်လည်း အတူတူပါပဲ။ လက်ရှိမှာတော့ ဆိုဘိုဆလိုင်းက အသင်းရဲ့အမာခံကျောရိုးအဖြစ် ဆက်လက်ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း နာမည်ကြီးကစားသမားတချို့၊ အသင်းရဲ့ အဓိကပြယုဂ်အချို့ကို လက်လွှတ်ခဲ့ရလို့ ခင်ဗျားတို့အတွက် အသင်းဆီ ရောက်လာမယ့် သို့မဟုတ် ခြေစွမ်းမြှင့်တင်မယ့် ကစားသမားမျိုး လိုအပ်ပါတယ်။

ဒါက စူပါစတားတွေ လုပ်ဆောင်လေ့ရှိတဲ့ အရာပါပဲ။ သူက ဗန်ဒိုက်ပြီးရင် အသင်းရဲ့ခေါင်းဆောင်တစ်ဦးလို ဖြစ်နေပြီး ကွင်းလယ်ဗဟိုမှာ နေရာယူကာ အသင်းရဲ့ကစားပုံကို ထိန်းချုပ်ပေးပါတယ်။

အလွန်အရေးကြီးတဲ့ အဓိကကစားသမားကြီးတွေကို လက်လွှတ်ခဲ့ရလို့ သူက အခုဘောလုံးရာသီမှာ အသင်းအတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်လာပါလိမ့်မယ်" လို့ ဆက်ပြောပါတယ်။

ပြည်တွင်းလိဂ်ပြိုင်ပွဲကို ရှုံးပွဲမရှိပုံစံကောင်းနဲ့ စတင်နိုင်ခဲ့တဲ့ လီဗာပူးက လာမယ့်စက်တင်ဘာ ၉ ရက်၊ အန်ဖီးလ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဧည့်ခံကစားသွားရပါမယ်။