The network connection is lost.

Banner Image

လီဗာပူးကစားသမားဘ၀ပွဲဦးထွက်ဘောလုံးရာသီနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်လာတဲ့ အီဆက်

သောကြာညပိုင်း၊ အစ်ဆွစ်တောင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အီဆက်က အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားက ပို့မန်းရုဒ်ကွင်းမှာကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲအစကိုးမိနစ်အတွင်းမှာတင် လျှင်မြန်လှတဲ့ကန်သွင်းချက်တွေနဲ့အတူ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး ရာသီသစ်မှာ သုံးဂိုးအထိ ရရှိထားပါတယ်။

လီဗာပူးအသင်းဆီ ပေါင် ၁၂၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး တစ်နှစ်ကျော်အကြာမှာတင် အီဆက်က ပြီးခဲ့တဲ့ရာသီ၊ ကလပ်အသင်းအတွက် သွင်းယူပေးခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို လိုက်မီသွားခဲ့ပါတယ်။

အီဆက်က ကာလရှည်ဒဏ်ရာပြဿနာကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမဲ့ အခုတော့ အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ယုံကြည်နေပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အီဆက်က "ကျွန်တော်တို့အားလုံး ပထမဆုံးနိုင်ပွဲကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ မလုပ်ဆောင်နိုင်ခဲ့တဲ့ ပွဲကို အကောင်းဆုံးပုံစံနဲ့စတင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဆွေးနွေးထားခဲ့ပြီး ပွဲချိန်အစောပိုင်းမှာတင် နှစ်ဂိုး ချက်ချင်းရရှိခဲ့လို့ ကျွန်တော်တို့အတွက် အဆင်ပြေသွားခဲ့ပါတယ်"လို့ ပြောပါတယ်။

ဒီနေ့ပွဲစဉ်ရလဒ်နဲ့ ပတ်သက်ပြီး "ပုံမှန်ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရလို့ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း စတင်ဆော့ကစားနိုင်လာပြီလို့ ထင်ပါတယ်။ တိုက်စစ်ဆင်ကစားဖို့နဲ့ ပြိုင်ဘက်ခံစစ်ကို တိုက်ခိုက်ဖို့ပါပဲ။ ဒီနေ့မှာ ကျွန်တော်တို့ ဒါကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒီထက်မက ပိုပြီးလည်း သွင်းယူနိုင်ခဲ့သင့်ပါတယ်" လို့ ဆိုပါတယ်။

ယမန်နှစ်ဘောလုံးရာသီကို ပြန်လည်သုံးသပ်ရာမှာတော့ အီဆက်က "မလွယ်ကူခဲ့ပါဘူး။ ကာလရှည်ဒဏ်ရာပြဿနာ ကြုံခဲ့သလို ယေဘုယျအားဖြင့် ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသဖို့ ကျွန်တော် စဉ်းစားထားခဲ့ပြီး အဲဒီနောက် ရာသီသစ်ကို ကောင်းကောင်းစတင်နိုင်ဖို့ မျှော်လင့်ထားခဲ့ပါတယ်။ အခုတော့ ဒါကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ အားလုံးပြီးဆုံးသွားခဲ့ပြီဆိုပေမဲ့ မလွယ်ကူခဲ့ပါဘူး"လို့ ဆိုပါတယ်။