ဘယ်နောက်ခံလူနေရာအတွက် ပစ်မှတ်အများအပြားကို လွဲချော်ခဲ့ရပေမဲ့ လုခ်ရှောကို အံ့ဖွယ်ကစားသမားလို့ နစ်ကီဘတ်ချီးကျူး
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နစ်ကီဘတ်က လုခ်ရှောကို ဘယ်နောက်ခံလူနေရာမှာ အောင်မြင်မှုတွေ ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။
အသက် ၃၁ နှစ်ပြည့်မြောက်လာတဲ့ လုခ်ရှောက ကစားသမားဘ၀နှောင်းပိုင်းကာလကို ဖြတ်သန်းနေရပြီး သူ့ရဲ့နေရာအတွက် ယူနိုက်တက်တို့ လာမယ့်ဇန်နဝါရီ (သို့မဟုတ်) နွေရာသီစျေးကွက်မှာ ကစားသမားသစ် မဖြစ်မနေရှာဖွေသွားရပါတော့မယ်။
အခုနွေရာသီစျေးကွက်မှာလည်း သရဲနီတွေက လုခ်ရှောနေရာအတွက် လူငယ်နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ မျှော်လင့်ခဲ့ကြပြီး လီဝစ်စကယ်လီ၊ လီဝစ်ဟောလ်၊ ဘယ်လ်ဒီ၊ မတ်ဆန်နဲ့ မန်စီးတီးရဲ့အစ်နူရီတို့လို ကစာသမားတွေနဲ့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ယူနိုက်တက်က အပြောင်းအရွှေ့ပိတ်သိမ်းရက်နောက်ဆုံးအချိန်အထိ လုခ်ရှောရဲ့နေရာအတွက် အစားထိုးပေးနိုင်မယ့်သူ မခေါ်ယူနိုင်လို့ ချန်ပီယံလိဂ်ပြိုင်ပွဲဆင်နွှဲရတော့မယ့် နည်းပြကာရစ်အတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေပါတယ်။
ဒါပေမဲ့ နစ်ကီဘတ်ကတော့ အပြောင်းအရွှေ့ကောလာဟလတွေ ရှိနေပေမဲ့ လုခ်ရှောကို အသင်းမှာ ပုံမှန်နေရာရရှိစေဖို့နဲ့ ဆက်လက်ခြေစွမ်းပြသနိုင်ဖို့အတွက် ထောက်ခံပေးခဲ့ပါတယ်။
"လုခ်ရှောက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ လူတိုင်းက သူ့ရဲ့ဒဏ်ရာမှတ်တမ်းအကြောင်း ပြောခဲ့ကြပါတယ်။ သူက ကလပ်အသင်းမှာ ကာလရှည်ကြာရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်လို့ ဆိုးရွားတဲ့ ဒဏ်ရာတွေနဲ့ ပြင်းထန်တဲ့ ပြဿနာတွေ အများကြီးကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းက သူ ၃၈ ပွဲမှ ပွဲ ၄၀ လောက်အထိ ပါဝင်ကစားခဲ့တယ်လို့ ထင်ပါတယ်။ သူ ပုံမှန်ပါဝင်ကစားနိုင်ခဲ့သလို ကျွန်တော်တို့လည်း ပြီးခဲ့တဲ့နှစ်မှာ ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးခြေစွမ်းရှိနေချိန်မှာဆိုရင် ဥရောပရဲ့အကောင်းဆုံးဘယ်အစွန်ခံစစ်ကစားသမားတွေအနက် တစ်ဦးအဖြစ် ကျွန်တော် ယေဘုယျအားဖြင့် သတ်မှတ်ထားပါတယ်။ တခါတရံမှာ ဒီလိုထိပ်တန်းကစားသမားတွေက ဘယ်တုန်းကမှ မသိရှိထားတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။
ဒါမျိုးကို ပြီးခဲ့တဲ့စနေနေ့မှာ မြင်တွေ့ခဲ့ရပြီး အလွန်လျင်မြန်တဲ့ကောင်လေးက လုခ်ရှောကို အံ့အားသင့်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုခ်ရှောက တကယ့်ကိုမြန်ဆန်လွန်းပြီး ကာကွယ်မှုအပိုင်းမှာလည်း အလွန်ကောင်းမွန်လို့ပါပဲ။ ဒါပေမဲ့ လုခ်ရှောလည်း ဒီကောင်လေးနောက်ကို ပြန်မလိုက်နိုင်ခဲ့ပါဘူး။ ဒါက ဘာစီလိုနာမြေမှာ ကျွန်တော်ပါဝင်ကစားချိန် ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရိုမာရီယိုနဲ့ စတွိုက်ကော့ဗ်တို့ရဲ့ကျော်ကြားလှတဲ့ပွဲစဉ်မှာ ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ကျွန်တော့်အမြင်အရတော့ ဒန်းနစ်အာဝင်က ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးနောက်ခံလူတွေအနက် တစ်ဦး ဖြစ်ပါတယ်။ အာဝင်က စတွိုက်ကော့ဗ်ကို ၁၀ ကိုက်လောက်အထိ နေရာလွတ်ပေးပြီး ကိုက် ၄၀ လောက်အထိ ဘောလုံးဆွဲပြေးအနိုင်ယူတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါကြောင့် တစ်ခါတရံမှာ ခင်ဗျားတို့ကိုယ်တိုင်လည်း ဝုဗ်မှ ဘာစီလိုနာဆီ ပြောင်းရွှေ့သွားခဲ့ဖူးတဲ့ ထရာအိုရေးလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
ဒါမှမဟုတ် အိုဘာဖီမီမာတင်စ်လို့ခေါ်တဲ့ ကောင်လေးနဲ့ ကျွန်တော် ယှဉ်ပြိုင်ကစားခဲ့ဖူးပါတယ်။ ခင်ဗျားတို့က အဲဒီလိုမျိုး မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရလေ့ရှိပြီး လုခ်ရှောကတော့ ဒါမျိုးနောက်တစ်ကြိမ် ရင်ဆိုင်ရဖို့ မရှိပါဘူး။ ဒါက တခါတလေသာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာဆိုတော့ သူ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ လုခ်ရှောကို အမှန်တကယ်သဘောကျပါတယ်" လို့ နစ်ကီဘတ်က ဆိုပါတယ်။
လုခ်ရှောအတွက်တော့ လာမယ့်တနင်္ဂနွေနေ့၊ အဲဗာတန်နဲ့အဝေးကွင်းပွဲစဉ်မှာ နောက်ထပ်ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်သွားရပါတော့မယ်။