လီဗာပူးအသင်းကို နောက်ထပ်အဆင့်တစ်ခုဆီ ပို့ဆောင်ပေးနိုင်မယ့်သူအဖြစ် ဘာကိုလာကို ချီးကျူးလိုက်တဲ့ စတီဗင်ဂျရတ်
လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်က လာမယ့်ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မယ့် ကစားသမားသစ်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်လိုက်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ လပေါင်းများစွာ ညှိနှိုင်းခဲ့ပြီးနောက် အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းဖို့ ရက်ပိုင်းအလိုမှာ လီဗာပူးအသင်းက ဘာကိုလာကိုခေါ်ယူဖို့ ပေါင်သန်း ၁၂၀ တန် သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေမှာ ဖော်ပြလာကြပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ကစားသမားက ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖို့ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူသွားလိမ့်မယ်လို့ သိရပါတယ်။ လတ်တလောလီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းမှာ အီဆက်ခ်၊ မူနော့ဇ်၊ အန်ဂူမိုဟာနဲ့ အီကီတီကီတို့ ရှိနေပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားက အခုနွေရာသီကာလတလျှောက်လုံး အန်ဖီးလ်ကွင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ဆန္ဒပြည့်မြောက်ဖို့ အတော်လေးနီးစပ်လာတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဂျရတ်က အလွန်ဝမ်းသာပီတိဖြစ်နေသလို လီဗာပူးရဲ့တိုက်စစ်ပိုင်းဆီ ဘာကိုလာ ဘယ်လိုမျိုး အင်အားဖြည့်တင်းပေးမလဲဆိုတာ မြင်တွေ့ရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။
"မယုံကြည်နိုင်စရာ ပါရမီရှင်ကစားသမားတစ်ဦးပါ။ ဘာကိုလာက ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးထားတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
သူ့ရဲ့အကောင်းဆုံးခြေစွမ်း အကန့်အသတ်ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ့ဆီမှာ အလားအလာကောင်းတွေ ရှိပါသေးတယ်။ ပိုပြီးတိုးတက်လာပါလိမ့်မယ်။
သူက ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးအဖြစ် တိုးတက်လာနိုင်တယ်ဆိုတာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ သူက လီဗာပူးအသင်းကို နောက်ထပ်အဆင့်တစ်ခုဆီ ပို့ဆောင်ပေးနိုင်မယ့် အရည်အသွေးမျိုးရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ကို အံ့ဩစရာကောင်းတဲ့ သဘောတူညီမှုတစ်ခုလို့ ထင်ပါတယ်" လို့ ဆိုပါတယ်။
လတ်တလောမှာ လူငယ်တောင်ပံကစားသမားက ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေပြီး လာမယ့်သောကြာနေ့၊ အစ်ဆွစ်ချ်တောင်းနဲ့ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားနိုင်ပါတယ်။