ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးအသင်းက ချဲလ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးအတွက် လက်မလျှော့သေးဘူးလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားအတွက် ချဲလ်ဆီးအသင်းအလိုရှိနေတဲ့ ပေါင်သန်း ၁၂၀ ပေးချေဖို့ မန်စီးတီးကို ပြီးခဲ့တဲ့သီတင်းပတ်၊ သောကြာနေ့(သြဂုတ်လ ၁၄ ရက်) ညနေ ၅ နာရီအထိ နောက်ဆုံးအချိန် သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီအချိန်အတွင်းမှာ ကမ်းလှမ်းမှု မပြုလုပ်ခဲ့ပေမဲ့ မန်စီးတီးကတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာရှိနေတဲ့ ကစားသမားရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ Sky Sports ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်အတွက် သတ်မှတ်စျေးနှုန်းနဲ့ သတ်မှတ်ကာလကျော်လွန်လာခဲ့ပြီဖြစ်လို့ မန်စီးတီးက အပြောင်းအရွှေ့အသက်သွင်းချင်တယ်ဆိုရင် အရင်စျေးနှုန်းထက် ပိုမိုပေးချေရနိုင်ပါတယ်။
ပေါင် ၆၅ သန်းဝန်းကျင်ဖြင့် ဘာစီလိုနာဆီ ရိုဒရီ ပြောင်းရွှေ့သွားပြီးနောက် မန်စီးတီးနည်းပြသစ်မာရက်စ်ကာက ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်လာအောင် အင်တိုက်အားတိုက် တွန်းအားပေးနေပါတယ်။
မန်စီးတီးက လိုင်လီအသင်းကြယ်ပွင့်၊ မော်ရိုကိုလက်ရွေးစင် အာယွတ်ဘူအာဒီကို ခေါ်ယူဖို့ ရှိပေမဲ့ ကစားသမားကို ပွဲထွက်လူစာရင်းမှာ ချက်ချင်းထည့်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါဦးမယ်။
အာဆင်နယ်ကို ၃-၀ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ မာရက်စ်ကာ ကွင်းလယ်ပိုင်းအတွက် ပေါင် ၁၁၆ သန်းတန် အီလီယော့အန်ဒါဆန်နဲ့ ကိုဗာဆစ်တို့ကို တွဲဖက်အသုံးပြုခဲ့ပါတယ်။