ကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့အတွက် ယူရို သန်း ၄၀ တန် ကစားသမားတစ်ဦး ရောင်းချသွားမယ့် အင်တာမီလန်
အင်တာမီလန်အသင်းက ကာလရှည်မျက်စိကျနေတဲ့ လီဗာပူးကွင်းလယ်လူကာတစ်ဂျုံးစ်ကို ခေါ်ယူဖို့ နောက်တစ်ကြိမ် ထပ်မံကြိုးစားနေပါတယ်။
လတ်တလောမှာ ကာတစ်ဂျုံးစ်က လီဗာပူးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီ ရောက်ရှိနေပါပြီ။ ဒါကြောင့် လာမယ့် ၂၀၂၇ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုက်ရအောင် ပရီးမီးယားလိဂ်ကလပ်လီဗာပူးကလည်း သူ့ကို အခုလအတွင်းမှာပဲ ရောင်းထုတ်ချင်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက လီဗာပူးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာလည်း အင်တာမီလန်က သူ့ကိုခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ အခုတော့ ဆွေးနွေးမှုတွေ ပြန်လုပ်နေပါတယ်။
ကာတစ်ဂျုံးစ်ရဲ့အပြောင်းအရွှေ့အတွက် အဓိကအတားအဆီးကတော့ ပြောင်းရွှေ့ကြေးကိစ္စပါပဲ။ အခုတော့ ကလပ်အသင်းနှစ်ခုအကြား ပေါင် သန်း ၃၀ မှ ၃၅ သန်းအကြား ညှိနှိုင်းဖို့ အခြေအနေပေးလာလို့ အသင်းပြောင်းဖို့အတွက် ကာတစ်ဂျုံးစ် ပြင်ဆင်နေပါပြီ။
အင်တာမီလန်ကလည်း ငွေကြေးအခြေအနေကို ထိန်းညှိဖို့အတွက် ကစားသမားတချို့ကို ရောင်းချပြီး ရန်ပုံငွေရှာဖို့ ကြိုးစားနေပါတယ်။ ယန်းဆွန်းမား၊ အဆာဘီ၊ ဒါမီယန်နဲ့ ဒီဗရစ်တို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးပြီး လစာအသုံးစရိတ်လျှော့ချထားပေမဲ့ အခုထိတော့ ဘယ်ကစားသမားကိုမှ မရောင်းချနိုင်သေးပါဘူး။
ဒါပေမဲ့ အင်တာမီလန်က ဆားဘီးယားကစားသမားစတန်ကိုဗစ်အတွက် ဘရန့်ဖို့ဒ်ရဲ့ ပထမဆုံးကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက်မှာ ယူရို သန်း ၄၀ ကျော်ဖြင့် အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
အင်တာမီလန်က စတန်ကိုဗစ်ကို ပြီးခဲ့တဲ့နွေရာသီမှာ ဘရုဂျက်ဆီ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အင်တာမီလန်က ယူရို ၂၃ သန်းတန် ကစားသမားပြန်လည်ခေါ်ယူခွင့်ကို အသုံးချပြီး စတန်ကိုဗစ်ကို အသင်းဆီ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါက စတန်ကိုဗစ်ကို ပိုမိုမြင့်မားတဲ့စျေးနှုန်းနဲ့ရောင်းချပြီး အမြတ်အစွန်းပိုရရှိအောင် စီစဉ်ထားမှုလည်း ဖြစ်ပါတယ်။