ဂါနာချိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတဲ့ ရိုးမား
ရိုးမားအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အလီဂျန်ဒရိုဂါနာချိုနဲ့ စထရာဘိုးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဒီယေဂိုမော်ရေးရာတို့ကို BlueCo နဲ့ ချိတ်ဆက်ပြီး တစ်ပြိုင်တည်းခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ စီးရီးအေမှာ အဆင့် ၃ နဲ့ ရာသီအဆုံးသတ်နိုင်ခဲ့သလို နှစ်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ပြန်လည်ရရှိခဲ့တာကြောင့် ရိုးမားအသင်းဟာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် လာမယ့်နွေရာသီမှာ အတော်လေး အလုပ်များမယ့်ပုံ ပေါ်နေပါတယ်။ လာဂါဇက်တာဒဲလိုစပေါ့တ်ရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ အသက် ၂၁ နှစ်အရွယ် မော်ရေးရာကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း၊ အပိုဆုကြေးတွေအပြင် နောက်တစ်ကြိမ် ပြန်လည်ရောင်းချရင် ၁၀ ရာခိုင်နှုန်း ခွဲဝေပေးရမယ့် အချက်တွေနဲ့ စထရာဘိုးအသင်းဆီကနေ ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဂက်စပါရီနီရဲ့ အသင်းကလည်း ချဲလ်ဆီးအသင်းက အသက် ၂၂ နှစ်အရွယ် အလီဂျန်ဒရိုဂါနာချိုကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ တစ်သင်းအဖြစ် ပါဝင်နေပါတယ်။ ချဲလ်ဆီးအသင်းဘက်ကတော့ ဒီလိုအပေးအယူမျိုးကို ခွင့်ပြုပေးဖို့ စိတ်ကူးမရှိဘူးလို့ သိရပေမဲ့ ရိုးမားအသင်းကတော့ ကစားသမားနှစ်ဦးစလုံးဟာ BlueCo လက်အောက်ခံတွေ ဖြစ်နေတာကြောင့် သူတို့အတွက် ကောင်းမွန်တဲ့ သဘောတူညီမှုတွေ ရရှိလာမယ်လို့ မျှော်လင့်နေတာပါ။ အလီဂျန်ဒရိုဂါနာချိုကိုယ်တိုင်ကလည်း စတန်းဖို့ဒ်ဘရစ်ချ်မှာ စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။