The network connection is lost.

Banner Image

ဝေးလ်လက်ရွေးစင် ဟာရီဝီလ်ဆင်ကို လိဒ်စ်အသင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ

ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ တောင်ပံကစားသမား ဟာရီဝီလ်ဆင်ကို လေးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ပရီးမီးယားလိဂ်ကလပ် လိဒ်စ်အသင်းက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဝေးလ်လက်ရွေးစင်ကစားသမားဟာ နည်းပြ ဒန်နီရယ်ဖားကေးရဲ့ လက်အောက်မှာ လိဒ်စ်အသင်းအတွက် ဒီနွေရာသီရဲ့ ပထမဆုံးသော ကစားသမားသစ် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။

"ဒါဟာ ပရီးမီးယားလိဂ်မှာ ရှိသင့်ရှိထိုက်တဲ့ အသင်းကြီးတစ်သင်းဖြစ်လို့ အခုလို ပူးပေါင်းခွင့်ရတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့တွေ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ နှစ်တွေကို ဖြတ်သန်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်" လို့ ဖူလ်ဟမ်မှာ ငါးနှစ်ကြာ ကစားခဲ့တဲ့ ဝီလ်ဆင်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဝီလ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားကာ ၁၁ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအတွက် အဓိကကျတဲ့နေရာက ပါဝင်ခဲ့သူပါ။

လီဗာပူးအကယ်ဒမီထွက်ဖြစ်သူ ဝီလ်ဆင်ဟာ လီဗာပူး ယူ-၂၃ အသင်းအတွက် ၆၆ ပွဲ ကစားပေးခဲ့ပေမဲ့ စီနီယာအသင်းမှာတော့ နှစ်ပွဲပဲ ပါဝင်ခွင့်ရခဲ့ပြီး ဖူလ်ဟမ်ကို မပြောင်းခင်မှာ ဘုန်းမောက်နဲ့ ဟားလ်စီးတီး အပါအဝင် အသင်းအတော်များများမှာ အငှားသွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်ကိုတော့ သြဂုတ်လ ၂၂ ရက်နေ့မှာ နော့တမ်ဟမ်ဖောရက်စ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။